ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကျင်းပ

ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ၈-၁၀-၂၀၂၁ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမောင်ကို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊  မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လူမှုရေးဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ ညောင်ဦးမြို့နှင့်ပခုက္ကူမြို့နယ်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

               ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည်  ၆-၇-၂၀၁၉ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တင်ပြခဲ့သည့် အဆိုပြုစာတွဲ (Nomination Dossier)အပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC)မှ အကြံပြုထားသည့် ဆက်လက်ဆောင်ရွက်ရမည့်အချက် (၁၉)ချက်ပါရှိပြီး အဆိုပါအချက်များ၏ ဆောင်ရွက်ဆဲ/ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ တင်ပြချက်အစီရင်ခံစာကို ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ ပြန်လည်တင်ပြအစီရင်ခံနိုင်ရမည် ဖြစ်သဖြင့် ဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်း၊                အဆိုပါ အကြံပြုချက်(၁၉)ချက်တွင် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရေရှည် Time frame ချမှတ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများ ပါဝင်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတေသနလုပ်ငန်း၊ ထိန်းသိမ်းရေးလုပ်ငန်း၊ စီမံခန့်ခွဲရေး လုပ်ငန်း၊ မှတ်တမ်းတင်ခြင်းလုပ်ငန်း၊ ဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေးလုပ်ငန်း၊ အသိပညာပေး လုပ်ငန်းများကို အခြားဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက်ပြီးလည်း ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း၊   ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ရှေးဟောင်းအဆောက်အအုံများ ကို ထိခိုက်ပျက်စီးမှု အန္တရာယ်ဖြစ်စေသည့် စီမံကိန်းကြီးများဆောင်ရွက်သည့်အခါ ယဉ်ကျေးမှု အမွေအနှစ်ဒေသနှင့် ရှေးဟောင်းအဆောက်အအုံကို ထိခိုက်ပျက်စီးမှုမဖြစ်စေရေးအတွက် ကမ္ဘာ့ အမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (Heritage Impact Assessment, HIA) လုပ်ငန်းမဖြစ်မနေ ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားပါသည်။

                    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက        HIAကို လုပ်ငန်းကို တားဆီးမည့် ဆန်းစစ် ချက်ဟု ထင်မှတ်မှားတတ်ကြပါကြောင်း၊ အမှန်မှာ လုပ်ငန်းလည်း အလုပ်ဖြစ်စေ၊ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်ကိုလည်းထိန်းသိမ်းရာရောက်စေသော Win-Win Condition ကို ရယူပေးသည့် ဆန်းစစ်အကြံပြုချက်ဖြစ်ပါကြောင်း၊         Impact Assessment သည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနတွင်သာမက အခြားဝန်ကြီးဌာနများတွင်လည်း ရှိပါကြောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာနတွင် Environmental Impact Assessment (EIA) ရှိပြီး ဆန်းစစ်ချက်များမှာ အပြုသဘောဆောင် သော အကြံပြုချက်များဖြစ်ပါကြောင်း ပြောကြားပါသည်။

               ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက Bagan Hotel Strategy ရေးဆွဲနိုင်ရေးအတွက် ပြည်ပ ပညာရှင် Professor Richard Mackay က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ World Bank က ၂ဝ၁၈ ခုနှစ်တွင်ရေးဆွဲခဲ့သည့် ပုဂံဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ်ကျရောက်မှုစီမံခန့်ခွဲရေးအစီအစဉ် (Disaster Risk Strategy)ကို ဒေသနှင့် ကိုက်ညီမည့် အချက်အလက်များ၊ ကမ္ဘာ့အမွေအနှစ်ကော်မတီက အကြံပြုချက်များနှင့်အညီ ပြင်ဆင် ဖြည့်စွက်ပေးရန် လိုအပ်ပါကြောင်း၊                ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် နေထိုင်သူများ၏ လူမှု စီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကမ္ဘာ့လုံးဆိုင်ရာစံတန်ဖိုး (OUV, Outstanding Universal Value) ကို မထိခိုက်စေသော နည်းလမ်းများနှင့် ဘက်စုံကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်များ အတူတစ်ကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

               ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို နှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တို့က ပုဂံဒေသတွင် စီမံခန့်ခွဲရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင်  ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (Integrated Management Framework, IMF)၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘက်စုံအစီအစဉ် (Plan of Action)၊  Guideline များ ထုတ်ပြန် ပြီးဖြစ်သဖြင့် လိုက်နာကျင့်သုံးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Committee, WHC)မှ အကြံပြု အချက်များအပေါ် အောင်မြင်စွာဖြင့် တင်ပြ အစီရင်ခံ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင်  အမွေအနှစ်များအပေါ်ထိခိုက်မှုအကြိမ်ကြိမ် ဖြစ်ပေါ်လာပါက ကမ္ဘာ့အမွေအနှစ်မှ ပြန်လည်ရုပ်သိမ်းခြင်း၊ အန္တရာယ်ရှိသော အမွေအနှစ်ဒေသ (Monument in Danger Site)အဖြစ် သတ်မှတ်ခံရလာနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်စသော တာဝန်ရှိသူများအနေဖြင့် အချင်းချင်းချိတ်ဆက်၊ ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားပါသည်။

               ၎င်းနောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးတို့က ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ပြီးနောက် ဆက်လက် ဆောင်ရွက်ရမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ(WHC)မှ အကြံပြုထားသည့် အကြံပြုချက်(၁၉)ချက် နှင့်ပတ်သက်၍လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဝင်ရောက်ပြီးနောက် Third Party မှ တိုင်ကြား လာသည့် အချက်များကိုလည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စများကိုလည်းကောင်း၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လည်းကောင်း၊ အမှာစာ(၁၈)စောင်ကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပါသည်။

ရှင်းလင်းတင်ပြမှုအပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Committee, WHC)က  အကြံပြုထားသည့် အချက်(၁၉) ချက်နှင့် ပတ်သက်ပြီး ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးပြယုဂ်လည်းဖြစ်ပါကြောင်း၊အစဉ်တစိုက်ပူးပေါင်းပါဝင်ကူညီပေးခဲ့ ကြသော ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် မန္တလေးတိုင်းနှင့်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများလည်း အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆက်လက်ပူးပေါင်းကာကွယ်ထိန်းသိမ်းပေးကြပါရန် ပြောကြားပြီး အစည်းအ‌ဝေးကို (၁၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

               ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည်   မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပုဂံမြို့သစ် တောင်ဘက်၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသပြင်ပတွင် တည်ရှိသော ပုဂံဟိုတယ်ဇုန်(၄)သို့ သွားရောက်၍ ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများ  သွားရောက် ကြည့်ရှုခဲ့ပြီး လက်ရှိတည် ဆောက်နေသော ဟိုတယ်များ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ဟိုတယ်ဇုန်(၄)၏ ဖွံဖြိုးတိုးတက်လာရေး အတွက်  ပေါင်းစပ်ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။