သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများနှင့် လုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်စစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့နှင့်အတူ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ သီရိပစ္စယာရပ် ၊ လောကနန္ဒာ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိ၍ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တမေဃိယ အား ဖူးမြော်ကြည်ညိုကန်တော့ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဆွမ်းပဒေသာပင် အလှူငွေကျပ်သိန်း (၅၀) စိုက်ထူလှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း လျှောက်ထား ဆောင်ရွက်ခဲ့ပါသည်။

               ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လောကနန္ဒာဘုရားသို့ သွားရောက်ဖူးမြော် ခဲ့ပြီး ဘုရားကြီးဘက်စုံမွမ်းမံပြုပြင်ရန်အတွက် အလှူငွေကျပ်သိန်း (၃၀)ကို စေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဘုရားကြီးထိန်းသိမ်းမှု ဆောင်ရွက် နိုင်ရေးလောကနန္ဒာဘုရားအထက်ပစ္စယာ အရပ်လေးမျက်နှာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၇.၄.၂၀၁၇ ရက်နေ့က တပ်ဆင်ထားသည့် ရေချိန်များကို ကြည့်ရှု စစ်ဆေးရာ ဘုရားကြီး၏ အနောက်တောင်ထောင့်ဘက်အခြမ်းသည် အနည်းငယ်နိမ့်ကျနေသည်ကို ရေချိန်မှတ်တမ်းအရ တွေ့ရှိရသည်။ ထို့ကြောင့် အနောက်တောင်ထောင့်ရှိ ဘုရားရင်ပြင်ဘက်ကို ဆက်လက်ကြည့်ရှုစစ်ဆေးရာ ဘုရားရင်ပြင်၏အနောက်တောင်ထောင့်ဘက်သည်လည်း မူလထက် အနည်းငယ်နိမ့်ဆင်းသွားသည်ကို တွေ့ရှိရသည်။ သို့အတွက် ဘုရားပရိဝုဏ်အတွင်း ဧရာဝတီမြစ် ကမ်းကို ဆက်လက်စစ်ဆေးခဲ့ရာ ဘုရား၏အနောက်ဘက်နှင့်အနောက်မြောက်ထောင့်ရှိ ဧရာဝတီ မြစ်ကမ်းမြေထိန်းနံရံ ပေ ၉၀၀ ခန့်ကို ၁၉၉၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း ယခုအခါ ဧရာဝတီမြစ်ရေသည် ရေကြောင်းပြောင်းလဲစီးဆင်းမှုကြောင့် မြစ်ရေသည် ဘုရား၏ အနောက်တောင်ဘက် မြစ်ကမ်းကိုပြောင်းလဲတိုက်စားသဖြင့် လောကနန္ဒာဘုရားနှင့်ရင်ပြင် အနောက်တောင်ထောင့်တို့မှ အနည်းငယ်နိမ့်ဆင်းသွားခြင်းဖြစ်ကြောင်း၊ သို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပူးပေါင်း၍ လောကနန္ဒာဘုရား ပရိဝုဏ်ရှိ ဧရာဝတီမြစ်ကမ်းမြေထိန်းနံရံ ပေ ၈၀၀ ခန့်ကို ၂၀၂၂ ခုနှစ် မိုးမကျမီ ယခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် မေလအတွင်း အမြန်ဆုံးဆောင်ရွက်ရန် မှာကြားခဲ့သည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်း၌  ညောင်ဦးမြို့၊ အမှတ်(၇) ရပ်ကွက်၊ အောင်မြေဗောဓိ အလိုတော်ပြည့် စာသင်တိုက်သို့ သွားရောက်၍ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ အား ဖူးမြော်ကြည်ညို ကန်တော့ပြီး ဆွမ်းပဒေသာပင် အလှူငွေကျပ်သိန်း (၅၀) စိုက်ထူလှူဒါန်း၍ ရေစက်သွန်းချအမျှပေး ဝေခဲ့ပြီး သာသနာရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း လျှောက်ထားဆောင်ရွက်ခဲ့ပါသည်။

               ဆက်လက်၍ အေဒီ ၁၃ ရာစုတွင် နရသီဟပတေ့မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နရသီဟပတေ့ဘုရားသို့လည်းကောင်း၊ အေဒီ ၁၁၉၆ တွင် နရပတိစည်သူမင်းကြီး တည်ထား ကိုးကွယ်ခဲ့သော ဓမ္မရာဇကဘုရားကြီးသို့ လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ စေတီ၊ ပုထိုးများသည် သက်တမ်းအားဖြင့် နှစ်ကာလ ကြာမြင့်နေပြီး စေတီဂူဘုရားများ၏ ထူးခြားထင်ရှားသော အနုပညာလက်ရာများကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန် ၊ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနမှ ဝန်ထမ်းများ သာမက နိုင်ငံတကာမှပညာရှင်များပူးပေါင်း၍ အကြံဉာဏ်များ ရယူဆောင်ရွက်ရန် ၊ ဌာနဝန်ထမ်းများ အနေဖြင့် အဆက်မပြတ်ကွင်းဆင်းစစ်ဆေးပြီး ထိန်းသိမ်းမှုလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ကြရန်၊ ပြုပြင်ထိန်းသိမ်းရာတွင်လည်း ရှေးဟောင်းအဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီစနစ်တကျ ထိန်းသိမ်းရန်  မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။