မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MRAUK-U COM) ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂-၁၁-၂၀၂၁ ရက်နေ့ (၉:ဝဝ)နာရီအချိန်တွင် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ မြောက်ဦးဒေသ အမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MRAUK-U COM) မှ အဖွဲ့ဝင်များ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ရခိုင်ပြည်နယ်တွင် တည်ရှိပြီး ထူးခြားပြောင်မြောက် သည့် အနုပညာဗိသုကာလက်ရာများနှင့် ပြည့်စုံသည့်အပြင် ရခိုင်တိုင်းရင်းသားလူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော လူမှုစီးပွားဘဝ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ အနုပညာဆိုင်ရာနှင့် စိတ်ဓာတ်တို့ကို ထင်ဟပ်ဖော်ပြနေသည့် “ ယဉ်ကျေးမှုအမွေ အနှစ်ဒေသတစ်ခု ”ဖြစ်ပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် အဖြစ် တင်သွင်းရာတွင် ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုး (Outstanding Universal Value – OUV) နှင့်အတူ အခြားသော ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးတို့ကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ရန်၊ အမွေအနှစ်၏ တန်ဖိုးဂုဏ်ရည်နှင့်လက္ခဏာတို့အား ရေရှည်တည်တံ့ခိုင်မြဲနိုင်စေရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်တို့နှင့်အတူတကွ ယှဉ်တွဲနေထိုင်သည့်ဒေသခံ လူမှုအဖွဲ့ အစည်းတို့၏ လူမှုစီးပွားဘဝရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်၏ တန်ဖိုးကို ထိခိုက်မှုမရှိစေဘဲ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်
နိုင်ရန်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးများကို အနာဂတ်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းအမွေပေးရန် စသည့်ရည်ရွယ်ချက်များနှင့် တင်သွင်းမည်ဖြစ်ပါကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်ကတည်းက မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရေးကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပြုစာတွဲ(မူကြမ်း) (Nomination Dossier-Draft) ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ၂၀၂၁-ခုနှစ် စက်တင်ဘာလ အတွင်းက တင်ပြနိုင်ခဲ့ပြီး အဆိုပြု စာတွဲအပြည့်အစုံအား ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အချိန်မီတင်ပြနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သက်မှတ်ခံရပါက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို အမြင့်ဆုံးကာကွယ် စောင့်ရှောက်မှုများ ပြုလာနိုင်ပြီး၊ မိမိနိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဒေသ၏ ဂုဏ်သိက္ခ္ခမြင့်မားတိုးတက်မှုများနှင့်အတူ ဒေသ၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးမှုများသည်လည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့၊ မြောက်ဦးဒေသရှိ ဆက်စပ်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဒေသခံ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ရခိုင်တိုင်းရင်းသားအားလုံး၏ အသည်းနှလုံးဖြစ်ပါကြောင်း၊ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ရန် ပြည်နယ်အစိုးရအနေဖြင့် အထူးဆန္ဒရှိသလို လိုအပ်သည့် ပူးပေါင်းကူညီ ဆောင်ရွက်မှုများကို ယခင်နှစ်များကရော၊ ယခုကာလပိုင်းမှာပါ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရှေးခေတ်ကာလမှ ယနေ့တိုင်စဉ်ဆက်မပြတ် တည်ရှိနေသည့် ရှင်သန်ဆဲ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာရေးကိုအခြေခံ၍ မြောက်ဦးခေတ်ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်းအဆောက် အအုံများ၏ ဗိသုကာလက်ရာများ၊ အင်္ဂတေပန်းများ၊ စေတီ၊ ပုထိုးနှင့် သာသနိကအဆောက် အအုံများ၊ ထူးခြားလှသည့်တောတောင်၊ လျှိုမြောင်များကို အမှီပြုပြီးတည်ထားသည့် မြို့ပြ ကာကွယ်ရေးစနစ်များနှင့် ရှေးဟောင်းအမွေအနှစ်မြင်ကွင်းများသည် မြောက်ဦးဒေသ၏ ထူးခြား ထင်ရှားခန့်ညားထည်ဝါလှသည့် တန်ဖိုးမဖြတ်နိုင်သော အရာများဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၏
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆွဲဆောင်လျက်ရှိသည့် အချက်များဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအနေဖြင့် မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နောင်ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင်အတူတကွ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး နှင့် ပတ်သက်သည့် အမှာစာများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ လတ်တလောဖြေရှင်းရန် လိုအပ်ချက်များကို ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးထွန်းအုံက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရေးအတွက် အဆိုပြုစာတွဲအပြည့်အစုံ (Nomination Dossier-Complete) ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြရေးနှင့်ပတ်သက်၍ လိုအပ်သည်များဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂-၁၁-၂၀၂၁ ရက်နေ့၊ ၁၄၀၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပပြုလုပ်သည့် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ အဖွဲ့ထံမှ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုပါသည်။
အခမ်းအနားသို့ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘဒ္ဒန္တကုမာရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြပါသည်။
ရှေးဦးစွာ အခမ်းအနားကို ”နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကာ ထေရဝါဒ ဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တ ကုမာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်သော ပရိတ်တရားတော် များကို နာယူကြည်ညိုကြပါသည်။
ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရက ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ယခုလို ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများထံ လာရောက်ဖူးမြော်တွေ့ဆုံပြီး သြဝါဒခံယူသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ ဗိမာန်တော်ကြီး၏ သမိုင်းအကျဉ်းချုပ် ကမ္ပည်းကျောက်စာကို ဆရာတော်ကြီးများ၏ ဆန္ဒအတိုင်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ကြောင်း၊ နယ်စပ်နှင့် တောင်တန်းဒေသထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ သာသနာပြုဌာနများနှင့် သာသနာပြုပုဂ္ဂိုလ်တို့အတွက် လိုအပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများကို အပတ်စဉ်၊ လစဉ်၊ ရုံးထိုင်ဆောင်ရွက်နိုင်ရန်နှင့် သာသနာပြု သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ရုံးခန်းနှင့် သင်တန်းခန်းမများ အထူးလိုအပ်လျက်ရှိကြောင်း၊ အထူး အားဖြင့် သာသနာပြုလုပ်ငန်းများအတွက် လိုအပ်သည်များကို လေ့လာသုံးသပ်ပြီး ပြည့်စုံအောင် ပံ့ပိုး ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း သြဝါဒမြွက်ကြားခဲ့ပါသည်။
ဆက်လက်၍ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ၁၉၄၆ ခုနှစ်တွင် ဂိုဏ်းပေါင်းစုံ မဟာသံဃအဖွဲ့ချုပ်ကြီး၏ မဟာနာယက ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက် ဆရာတော်ဦးပညာ(အဂ္ဂမဟာပဏ္ဍိတ)၏ အဆိုတင်သွင်းမှုဖြင့် ”တောင်တန်း ဗုဒ္ဓသာသနာပြုအဖွဲ့ကြီး”ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နယ်စပ်နှင့်တောင်တန်းဒေသ သာသနာပြုလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ တောင်တန်းဗုဒ္ဓသာသနာပြုအဖွဲ့ကြီး၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ အတွင်းနှင့် တောင်တန်းဒေသများတွင် နေထိုင်ခဲ့ကြသော တိုင်းရင်းသားများအား ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို ခံယူစေပြီး ရတနာသုံးပါးကို မှီခိုအားထားဆည်းကပ်နိုင်ကြစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်၍ ယဉ်ကျေး သိမ်မွေ့သူများ ဖြစ်လာစေရန်၊ မြန်မာစာပေကို တတ်မြောက်စေ၍ ပညာဗဟုသုတ ပြည့်စုံစေရန်၊ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ ပြန့်ပွားတည်မြဲမှုကို ရရှိစေ၍ စီးပွားရေး၊ လူမှုရေးဘဝ မြင့်မားစေရန်တို့ ဖြစ်ပါကြောင်း၊
၂၃−၃−၁၉၉၄ တွင် ကျင်းပသည့် တတိယအကြိမ် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်အဖွဲ့ ပဉ္စမအစည်း အဝေးက ထေရဝါဒ ဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ စည်းမျဉ်းကို အတည်ပြု ပြဌာန်းပေးခဲ့ပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဖွဲ့စည်းကာ သာသနာပြုလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်စေခဲ့ပါကြောင်း၊ ယနေ့အချိန်ထိ နယ်စပ်နှင့်တောင်တန်းဒေသ၌ သာသနာပြုဌာနပေါင်း ၆၁၀ တည်ထောင်ဖွင့်လှစ်၍ သာသနာပြုရဟန်းတော် ၆၇၅ ပါး၊ သာသနာပြု သီလရှင် ၄၃ ပါး နှင့် သာသနာပြုလူပုဂ္ဂိုလ် ၃၀၀ ဦးတို့ဖြင့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊
လတ်တလောဖြစ်ပွားနေသော နယ်မြေလုံခြုံရေးအခြေအနေအရ ကယားပြည်နယ်ရှိ သာသနာပြုဌာန (၇) ဌာနမှ သာသနာပြုရဟန်းတော် (၇) ပါးနှင့် ချင်းပြည်နယ်ရှိ သာသာနပြုဌာန(၃၄)ဌာနမှ သာသနာပြု ရဟန်းတော် (၃၅)ပါး၊ စုစုပေါင်း သာသနာပြုရဟန်းတော် (၄၂)ပါးတို့၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေး၍ ပြောင်းရွှေ့သီတင်းသုံးနေထိုင်နိုင်ရေး ဒေသတာဝန်ရှိသူများ၊ ဗဟိုသာသနာပြုဆရာတော်၊ မြို့နယ်သာသနာရေးမှူး တို့နှင့် ညှိနှိုင်းစီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊
၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်တောင်တန်းဒေသရှိ သာသနာပြုဌာနများရှိ သာသနိက အဆောက်အအုံများ အသစ်တည်ဆောက်ခြင်း၊ အဟောင်းပြုပြင်ခြင်းတို့အတွက် အလှူတော်ငွေကျပ် ၈၇၂ သိန်းကျော်ကိုလည်းကောင်း၊ ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ဆွမ်းကိစ္စအဆင်ပြေစေရန် ထေရဝါဒဗုဒ္ဓ သာသနာပြုသြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများအား အလှူတော်ငွေကျပ် ၁၆ သိန်း ကို လည်းကောင်း၊ သာသနာပြုရဟန်းတော်၊ သီလရှင်များအား ဆွမ်းဆန်တော် နဝကမ္မအလှူတော်ငွေကျပ် ၇၃၄ သိန်း ကို လည်းကောင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အချို့သောသာသနာပြုဌာနများတွင် ယာယီခိုလှုံရေး စခန်းများ ဖွင့်လှစ်ခဲ့သဖြင့် ရောက်ရှိခိုလှုံလာသော ပြည်သူများအတွက် ကူညီထောက်ပံ့ငွေကျပ် ၁၃၅ သိန်းကို လည်းကောင်း၊ စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေ ၁၇၅၇ သိန်းကျော် ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ပါကြောင်း၊
နယ်စပ်နှင့်တောင်တန်းဒေသ သာသနာပြုလုပ်ငန်း အောင်မြင်စေရန်အတွက် ထေရဝါဒ ဗုဒ္ဓ သာသနာပြု သြဝါဒါစရိယအဖွဲ့၏ သြဝါဒနှင့်အညီ ဆရာဒကာ စိတ်တူကိုယ်မျှ အချင်းချင်း ရိုင်းပင်း ကူညီဆောင်ရွက်ကြမည်ဆိုလျှင် သာသနာပြုလုပ်ငန်းကိစ္စအဖြာဖြာသည် မျှော်မှန်းသလောက် ပြီးမြောက် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း လျှောက်ထားခဲ့ပါသည်။
ဆက်လက်၍ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ဇမ္ဗူသီရိဗိမာန်တော် သာသနာ့မြေသမိုင်းကြောင်းနှင့် ဇမ္ဗူသီရိဗိမာန်တော်တည်ဆောက်ခဲ့မှု အခြေအနေများ၊ ကို ရှင်းလင်းလျှောက်ထားပြီး၊ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ပိုင် မြေပေါ်တွင် တည်ဆောက် ထားသော ဇမ္ဗူသီရိဗိမာန်တော်ကြီးအား ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့၏ သြဝါဒနှင့်အညီ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနက ဗိမာန်တော်ကြီး ရေရှည်တည်တံ့ရေးအတွက် ကြီးကြပ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ရုံးခန်းနှင့် သင်တန်းခန်းမအဖြစ် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှောက်ထားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ရန်ပုံငွေအတွက် ငွေကျပ် သိန်း ၅၀ ကို ပေးအပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ”ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားပြီးဆုံးပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဇမ္ဗူသီရိဗိမာန်တော်ကြီး တရားဟောခန်းမ၊ ဆရာတော်ကြီးများ သီတင်းသုံးနားနေခန်းများ၊ ဆွမ်းပြင်ဆောင်နှင့် အုပ်ချုပ်မှုရုံးခန်းတို့အား လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။