မဟာဂီတသီချင်းကြီးများစိစစ်ရေး၊ ဂီတသင်္ကေတမှတ်တမ်းပြုစုရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

            ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် ၁.၁၁.၂၀၂၁ ရက်နေ့၊ ၁၄၀၀ နာရီတွင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီကျင်းပပြုလုပ်သည့် မဟာဂီတသီချင်းကြီး များစိစစ်ရေး၊ ဂီတသင်္ကေတမှတ်တမ်းပြုစုရေးလုပ်ငန်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှတာဝန်ရှိသူများ၊ မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့်  ဂီတသင်္ကေတ မှတ်တမ်းပြုစုရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်(နောင်)နှင့်အတူ ဂီတပညာရှင်များ၊ အတီးပညာရှင်များ၊ အဆိုပညာရှင်များ၊ စာပေပညာရှင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက “မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုစုရေးကော်မတီ”၏  

          ပထမလုပ်ငန်းစဉ်အနေဖြင့် သီချင်းကြီးစာသားမူမှန်ပြုစုရေးဆပ်ကော်မတီမှ စာသားများ အားလုံး စိစစ်ပြီးဖြစ်ပါကြောင်း၊ ထို့အတူ စည်းဝါးသံကျနှင့် ဟန်ထားစိစစ်ရေးကော်မတီမှ သီချင်း(၃၆)ပုဒ်ကို စိစစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ခက်ဆစ်စာသားနှင့် အဓိပ္ပါယ်ဖွင့်ဆိုရေး ဆပ်ကော်မတီမှ သီချင်း(၂၈)ပုဒ်ကို စိစစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ဂီတသင်္ကေတ ပြုစုရေးဆပ်ကော်မတီမှ သီချင်း(၁၃)ပုဒ်ကို စိစစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သဒ္ဒဗေဒ (Phonetics) အသံထွက်ပြုစုရေးဆပ်ကော်မတီမှ အဆိုပါ သီချင်း(၁၆၉)ပုဒ်အား ရေးသား ဆောင်ရွက်ရန် ကျန်ရှိပါကြောင်း၊ 

          ဒုတိယလုပ်ငန်းစဉ်အနေဖြင့် အဆိုပါ (၁၆၉)ပုဒ်ထဲမှ တေးသီချင်း (၁၀)ပုဒ်ကို ရွေးထုတ်ပြီး ဂီတသင်္ကေတစာအုပ်ကို စည်းဝါးသံကျနှင့် ဟန်ထားဆိုင်ရာ CD ခွေနှင့်တကွ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ သီချင်း(၁၀)ပုဒ်မှာ စာသားနှင့် စည်းဝါးသံကျစိစစ်ပြီးဖြစ်ပါကြောင်း၊ မဟာဂီတသီချင်းကြီး တစ်ဆယ်ငါးပုဒ် စာအုပ်တွင် ခက်ဆစ်စာသားနှင့် အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို (ဘုန်းမိုးသွန်းလောင်း သီချင်းခံ) တစ်ပုဒ်သာ ပါဝင် ကြောင်း၊ သဒ္ဒဗေဒ (Phonetics) အသံထွက် ပြုစုရေးဆပ်ကော်မတီမှ အဆိုပါ(၁၀)ပုဒ်ကို ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိပါကြောင်း၊

          တတိယလုပ်ငန်းစဉ်အနေဖြင့် မဟာဂီတကျမ်းစာအုပ်(၆)အုပ်ထဲမှ ယခု (၁၆၉)ပုဒ်ထဲ တွင် မပါသေးသော သီချင်းအပုဒ်(၅၀)ကို စာသားမူကွဲများ ရွေးချယ်စိစစ်ပြီးဖြစ်၍ ပညာရှင်ကြီး များက အတည်ပြုပေးရန်နှင့် စည်းဝါးသံကျ၊ ဟန်ထား၊ ခက်ဆစ်စာသား၊ ဂီတသင်္ကေတ နှင့် သဒ္ဒဗေဒ စသည့် လုပ်ငန်းများ မူမှန်ပြုစုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်၊

          ယခု လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို အပြည့်အဝ အားပေးကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

          ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။