နိဒါန်း
ပြည်သူ့အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးအတွက် ဖြည့်စွက်လိုအပ်ချက်တစ်ခုမှာ “ရေ”ဖြစ်၏။ ပုဂံဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဇုန်တွင်ပါဝင်၍ မိုးတွင်းကာလ၌ သဘာဝမြေပြင်အနေအထားနှင့်ချောင်းများကို အသုံးချလျက် လူလုပ်ကန်အဆင့်ဆင့်၊ မြောင်း အသွယ်သွယ်ဖြင့် ရေသွယ်ယူခဲ့ကြ၏။
သမိုင်းအထောက်အထား
“ခပ်သိမ်းသောသတ္တဝါအပေါင်းတို့၌ မေတ္တာ ဂရုဏာကြီးမားတော်မူသော ဗုဒ္ဓဘုရားသခင်ထံမှ ဗျာဒိတ်တော်ရတော်မူသော အရှင်မင်းတရားသည် သတ္တဝါအပေါင်းတို့ငတ်မွတ်ခြင်းကင်း၍ ချမ်းသာ ကြွယ်ဝပေါများခြင်းအကျိုးငှာ ရေမရှိသောလယ်မြေ၊ ထွန်ယက်စိုက်ပျိုးခြင်းမရှိသောအရပ်တိုင်း၌ အတို့သခင်အရှင်မင်းတရားသည် ရေကိုမြဲမြံစွာ ဆည်စေ၏။ ရေကန်ကိုတူးစေ၏။ စိုက်ပျိုးရန် လယ်မြေကိုဖြစ်စေ၏….” ဟု ပုဂံတုရင်တောင်ခြေ မြကန်နှင့် အလံပုဂံကန်တို့တွင် တွေ့ရသော ကျန်စစ်မင်းကြီး၏ ကျောက်စာများအရ သာသနာသက္ကရာဇ် ၁၆၃၀ ခန့်၊ အေဒီ ၁၀၈၆ ခန့်တွင် ရေလှောင်တမံများ တည်ဆောက်ခဲ့ကြောင်းသိရှိရ၏။
မဟာသေနာပတိ အနန္တသူရိယမောင်နှံသည် အာမနာမည်သော အရပ်၌ တည်ထောင်သော ကျောင်းတိုက် သံဃာတော်နှင့် လူအပေါင်းတို့၏ အကျိုးစီးပွားအတွက် ရေကန်တူးဖော်ဆောက်လုပ် ခဲ့ကြောင်း သက္ကရာဇ် ၅၈၅ ခုနှစ်၊ အေဒီ ၁၂၂၃ ခုနှစ်တွင် ရေးထိုးသော အလှူမှတ်တမ်း၌ တွေ့ရ၏။ ၎င်းရေကန်ကို ယနေ့တိုင် မင်းနန်သူရွာက အသုံးပြုလျက်ရှိသည်။ ကျောက်စာတွင် ဖော်ပြခဲ့သည့် အတိုင်း ရေဝင်ပေါက်၊ ကျောက်သားပြွန်ပေါက်ဖြင့် ရေစစ်ကန်မှ ရေလှောင်ကန်အတွင်း ရေသွင်းပုံနှင့် ကန်အနီးတစ်ဝိုက် ဥယျာဉ်တည်လုပ်ခဲ့သည့်နေရာတို့ကို ယနေ့အထိ တွေ့မြင်နိုင်ပါသေးသည်။
အေဒီ ၁၂၆၅ ခုနှစ်တွင် ရေးထိုးခဲ့သော အခြားကျောက်စာတစ်ချပ်တွင် နရသီဟပတေ့မင်း၏ အရီးဖွားစောသည် ကျောင်းနေသံဃာများနှင့် အရပ်လေးမျက်နှာမှ လာသောလူအပေါင်း အဆင်ပြေ သုံးစွဲနိုင်ရေးအတွက် ရေကန်တူးလုပ်ခဲ့ကြောင်းသိရှိရသည်။ ၎င်းကျောင်းနှင့် ရေကန်ကို အနောက် ဖွားစောရွာအနီး ဆုတောင်းပြည့်ကျောင်းတိုက်တွင်တွေ့ရသည်။
အလှူရှင်မင်းသမီး အစောပ၏ အလှူမှတ်တမ်းဖြစ်သော အေ ဒီ ၁၂၇၆ ခုနှစ်တွင် ရေးထိုးသည့် မင်းနန်သူရွာအရှေ့မြောက်ဘက်ရှိ တုရင်ပုထိုးကျောက်စာ၌ လယ်ယာကျေးကျွန်စာရင်းတွင် ရေသည် ကျွန် ၁၀၀ ဦးကိုဖော်ပြထားသည်။ ကျောင်းနေသံဃာတို့၏ သောက်သုံးရေ၊ ချိုးရေတို့အတွက် လောက်ငအောင်ဆောင်ရွက်ပေးရန် လူပေါင်း ၁၀၀ ကို သီးသန့်လှူဒါန်းခဲ့ကြောင်းဖြစ်ရာ မြစ်နှင့် အလှမ်းဝေးသည့် ပုဂံဒေသရှိ ကျောင်းတိုက်၊ ကျေးရွာတို့၏ ရေအတွက်ကြိုးပမ်းခဲ့ပုံကို သိရှိနိုင် ပါသည်။
ရေအသုံးချမှုဆိုင်ရာအထောက်အထားများ
စိုက်ပျိုးရေးအတွက် ဆည်၊ တာတမံများဆောက်လုပ်သည်ထက် နေ့စဉ်သောက်သုံးရေ အတွက်တစ်နှစ်ပတ်လုံးသိုလှောင်ထိန်းသိမ်းထားနိုင်ရန် ရေကန်များကို တူးဖော်တည်ဆောက်ခဲ့ကြ ဟန်ရှိပါသည်။ ပုဂံဒေသရှိ ညောင်ဝန်း(ညောင်ဦး)၊ နဂါးကျစ်(ဝက်ကြီးအင်း)၊ နဂါးဘို(တောင်ဘီ)၊ ပုဂံမြို့ဟောင်း၊ အနိရုဒ္ဓါ(မြင်းကပါ)၊ သီရိပစ္စယာ(ပုဂံမြို့သစ်)စသည့် ကျေးရွာများသည် ဧရာဝတီ မြစ်ရေကို အလွယ်တကူ အမှီသဟဲပြုနိုင်သော်လည်း အခြားသော ကျေးရွာများဖြစ်သည့် မင်းနန်သူ၊ အနောက်ဖွားစော၊ အရှေ့ဖွားစော၊ ကုန်းတန်းကြီး၊ ဖျောက်ဆိပ်ပင်၊ သန့်စင်ကြယ်၊ ညောင်တို စသည့်ကျေးရွာများသည် ဧရာဝတီမြစ်နှင့် အလှမ်းဝေးကွာသဖြင့် နေ့စဉ် သောက်သုံးရေအတွက် သိုလှောင်ထိန်းသိမ်းနိုင်မည့် ရေကန်များတည်ဆောက်ရန် လိုအပ်မည် ဖြစ်သည်။ ပုဂံဒေသရှိ များပြားလှသော ဗုဒ္ဓစာပေသင်ကြားရာ ကျောင်းတိုက်ကြီးများအတွက် သောက်ရေ၊ သုံးရေရရှိ နိုင်ရန်လည်းလိုအပ်မည်ဖြစ်သည်။ သောက်သုံးရေအတွက် ကျေးရွာများအနီးတွင် ရေကန်များ တည်ဆောက်သည့်ဓလေ့ကို အညာဒေသအချို့တွင် ယနေ့တိုင်တွေ့မြင်နိုင်ပါသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ကွင်းဆင်းလေ့လာတွေ့ရှိမှုများအရ ရေတွင်း၊ ရေကန်၊ အင်း/အိုင်ပေါင်းမြောက်များစွာတည်ရှိနေသည်။ ၎င်းတို့တွင် ရေကန် (Lake) ၃၀% ၊ ရေကန် ငယ်(Pond) ၆၂% ၊ ရေတွင်း ၅% ၊ အင်း ၃% ခန့်ပါဝင်သည်။ ရေကန်များကို အသေးစိတ်လေ့လာ သောအခါ ၁၀ ဧကနှင့်အထက်ရှိ (Very Large) ရေကန်ပေါင်း (၈)ကန်၊ ၁၀ ဧက နှင့် ၇ ဧက အကြားရှိ (Large) ရေကန် (၆)ကန်၊ ၆ ဧက နှင့် ၄ ဧက အကြားရှိ (Medium) ရေကန်ပေါင်း (၁၀)ကန်၊ ၃ ဧက နှင့် ၁ ဧက အကြားရှိ (Small) ရေကန်ပေါင်း(၃၁)ကန်၊ ၁ ဧက အောက်ရှိ (Very Small) ရေကန်/ ရေဝပ်ဧရိယာပေါင်း (၉၉)နေရာခန့်တွေ့ရှိရသည်။ ယင်းတို့ကို ရွှေချောင်း(ဝက်ကြီးအင်းချောင်း)၊ မြင်းကပါချောင်းနှင့် ရေအိုးစင်ချောင်းတို့အကြားတွင် အများဆုံးတွေ့ရှိရသည်။ အရွယ်အစားကြီးမား သော အချို့ရေလှောင်ကန်ကြီးများသည် မည်သည့်ကျေးရွာ၊ မည်သည့်ကျောင်းတိုက်နှင့်မှ သက်ဆိုင် ခြင်းမရှိပေ။ အလယ်အလတ်တန်းစားရေကန်များမှာ သက်ဆိုင်ရာကျေးရွာနှင့် လူထုသောက်သုံးရေ ကန်များဖြစ်ကြသည်။ အရွယ်အစားသေးငယ်သောကန်များမှာ ဘုန်းကြီးကျောင်းတိုက်များနှင့် စေတီ ပုထိုးများအနီးအနားတွင်တည်ရှိပြီး အချို့မှာ ယာမြေများအတွင်း (ကျွဲ၊နွားအသုံးပြုရန်) တည်ရှိသည်။ ပုဂံရေအရင်းအမြစ်အထောက်အထားများကို အောက်ပါအတိုင်းအမျိုးအစားခွဲခြားနိုင်သည်-
(၁) တမံတုတ်ထားသော ရေလှောင်ကန်များ၊
(၂) ရေစစ်ကန်ပါသော ရေလှောင်ကန်များ၊
(၃) အင်းများ၊
(၄) ဘုရားကန်၊ ပရဝုဏ်အတွင်းရှိအုတ်ကန်များ၊
(၅) ရေဝင်ရိုး/ မြောင်း/ ကျုံး။
တမံတုတ်ထားသောရေလှောင်ကန်များ။ တုရင်တောင်ခြေရှိ မြကန်၊ အလံပုဂံကန်၊ ညောင်လက်ဖက်ကန်၊ ကန်သစ်ကန်၊ အလယ်ကန်တို့ဖြစ်သည်။ ကန်ဘောင်ရိုးကို မြေသားဖြင့် သာမက အုတ်၊ ကျောက်တို့ဖြင့် အခိုင်အခန့်ကာရံထားသော အထောက်အထားများကို တွေ့ရှိရသည်။ လေးကိုင်းသဏ္ဍာန်တည်ဆောက်ထားပြီး ရေလျှံပေါက် (ရေပိုလွှဲ) စနစ်တို့ပါရှိသည်။
ရေစစ်ကန်ပါသော ရေလှောင်ကန်များ။ ပုဂံဒေသတွင်အတွေ့ရဆုံးအမျိုးအစားဖြစ်သည်။ ရေစစ်ကန်တစ်ဆင့်ခံထားရခြင်းသည် မိုးသည်းထန်စဉ်ကာလအတွင်း စီးဝင်လာသောရေအတွင်း အနည် အနှစ်နှင့် အမှိုက်သရိုက်များပါဝင်လာနိုင်သဖြင့် အနည်ထိုင်ကျန်ရစ်စေရန်ဖြစ်သည်။ ရေစစ်ကန်အတွင်း အနည်ထိုင်ပြီးသောအခါ ပင်မရေလှောင်ကန်အတွင်းသို့ သီးသန့်ပြုလုပ်ထားသည့် ရေပြွန်ပေါက်မှတစ်ဆင့်ရေသွင်းသည်။ အချို့ကန်များတွင် ရေစစ်ကန်နှစ်ထပ်ဖြင့် အထပ်ထပ် ရေစစ်ကာ ရေကို သန့်စင်ယူရသည်။ ကန်အတွင်းသတ်မှတ်ပမာဏထက်ကျော်လွန်သောရေကို ရေလျှံပေါက် သို့မဟုတ် ရေပိုလွှဲမှတစ်ဆင့် အခြားရေကန် သို့မဟုတ် ချောင်းအတွင်းသို့ ထုတ်လွှတ် ပေးခြင်းဖြင့် ရေပိုများ အလဟသ မဖြစ်စေတော့ပေ။ ရေစစ်ကန်ပါသော ရေကန်များမှာ လေးမျက်နှာ ကန် (မင်းနန်သူလေးထောင့်ကန်)၊ သူဌေးကန်၊ ဖွားစောကန် (အနောက်ဖွားစော)၊ ဇေယျသွပ်ကန် (အရှေ့ဖွားစော)၊ ဆည်ကန် (ဖျောက်ဆိပ်ပင်) နှင့် အရှေ့ဖွားစောကျေးရွာတောင်ဘက်ရှိ ကန်ဇွန်းအို ကန် (ကန်ဇွန်းအိုဘုန်းကြီးကျောင်းအတွင်း)တို့ဖြစ်ကြသည်။ ကန်ဇွန်းအိုကန်သည် ရေစစ်ကန် နှစ်ထပ်ဖြင့် တည်ဆောက်ထားသည်။ အမှိုက်သရိုက်များနှင့် မြေဆွေးများကို အနည်ထိုင်စေရန် မြေသားဘောင်ဖြင့် ပြုလုပ်ထားသည့် ရေကန်မှတစ်ဆင့် အုတ်ဘောင်ဖြင့် တည်ဆောက်ထားသော ဒုတိယရေစစ်ကန်အတွင်းသို့ ရေဝင်ပေါက်ငယ်သုံးခုမှတစ်ဆင့် ဝင်ရောက်နိုင်သည်။ ၎င်းမှတစ်ဆင့် ပင်မအုတ်ရေကန်အတွင်းသို့ ရေစစ်ကာ ရေဝင်ပေါက်ငယ်တစ်ခုဖြင့် ရေသွင်းနိုင်သည်။ ပင်မ အုတ်ရေကန်၏ ရေလက်ခံနိုင်မှုပမာဏပြည့်မီပါက အုတ်ဘောင်ဖြင့် တည်ဆောက်ထားသော ရေစစ်ကန်၏ ရေလျှံပေါက်မှတစ်ဆင့် ယင်းရေကန်၏ အောက်ဘက်ရှိမကျီးကန်အတွင်းသို့ ရေဝင် သည်။ ရေစစ်ကန်ပါသော ရေလှောင်ကန်များကို ကျေးရွာများအနီး၌အများဆုံးတွေ့ရှိရပြီး လေးထောင့်ပုံသဏ္ဌာန်ရှိ၏။
အင်းများ။ ပုဂံဒေသရေအရင်းအမြစ်အတွက် အဓိကကျသော ချောင်းများဖြစ်သည့် ရွှေချောင်း(ဝက်ကြီးအင်းချောင်း)၊ မြင်းကပါချောင်း၊ ရေအိုးစင်ချောင်း(ကြောင်နံ့သာချောင်း)တို့သည် တုရင်တောင်မှအစပြုကြပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကြသည်။ ဧရာဝတီမြစ်အတွင်းသို့ စီးဝင် သောနေရာတွင် ရေလှောင်အင်းများကို တွေ့ရှိရသည်။ အင်းဟူသော မြန်မာဝေါဟာရသည် မြစ်ချောင်းများအနီးအပါးရှိ ချိုင့်ဝှမ်းရေကန်ကျယ်များဖြစ်သည်။ ပုဂံဒေသရေလှောင်အင်းများအဖြစ် ဝက်ကြီးအင်း၊ မြင်းကပါအင်း၊ လောကနန္ဒာအင်းတို့ကိုတွေ့ရသည်။
အုတ်ရေကန်များ။ ဘုရားကျောင်းတိုက်များ၏ ပရဝုဏ်အတွင်း၌ တွေ့ရလေ့ရှိသည်။ သံဃာတော်များအတွက် သောက်သုံးရေ၊ ချိုးရေတို့အတွက်ဖြစ်သည်။ကန်အတွင်းသို့ အဆင်းအတက် လွယ်ကူစေရန် အုတ်လှေကားတန်းအဆင့်ဆင့်ဖြင့် တည်ဆောက်ပြီး အပေါ်ကန်အဝကျယ်၍ ကြမ်းပြင်မှာ တဖြည်းဖြည်း ကျဉ်းသွားသည့် ဇလားပုံသဏ္ဌာန်ရှိသည်။ ဆင်ဖြူရှင် ကျောင်းတိုက် အတွင်းတွင် အုတ်ရေကန်၏ ရေမြောင်းကို အုတ်ဖြင့် တည်ဆောက်ထားသည်။ ယင်းကျောင်းတိုက် အတွင်းမှာပင် ရေတွင်းတစ်ခုကို တွေ့ရှိရပြီး အနက်ပေ ၆၀ ခန့်ရှိကာ အုတ်ဖြင့်တည်ဆောက်ထား သည်။ ပုဂံဒေသတဝိုက်တွင် လက်ရှိအနေဖြင့် အုတ်ရေတွင်း(၆)ခု တွေ့ရသည်။ ယင်းတို့မှာ (၁) ဆင်ဖြူရှင်ကျောင်းတိုက် (၂) ဆုတောင်းပြည့် ကျောင်းတိုက်အနီး (၃)လေးမျက်နှာကျောင်းတိုက်အနီး (၄)ပုဂံမြို့ရိုး(ကျုံး)အနီး (၅)ထီးလိုမင်းလိုဘုရားတောင်ဘက် (၆) မြင်းကပါရွာ အရှေ့တောင်ဘက် တို့တွင် တွေ့နိုင်ပါသည်။
ကျုံး။ ပုဂံမြို့ရိုးမှာ မညီမညာသော စတုဂံပုံရှိပြီး အရှေ့အနောက်အကွာအဝေးမှာ တောင် မြောက်ထက်ပိုသည်။ အနောက်ဘက်ပိုင်းတွင် မြစ်ရေတိုက်စားမှုရှိခဲ့ပြီး လက်ရှိဧရိယာမှာ ၁၀၆.၈၀ ဟက်တာကျန်ရှိသည်။ မူလက မြို့ရိုးပတ်ပတ်လည်တွင် ရေကျုံးရှိခဲ့ပြီး ယခုအခါ ရေကျုံးမှာ ခန်းခြောက်နေသည်။ မူလရေကျုံးသည် ရေကိုကြာရှည်စွာထိန်းသိမ်းနိုင်ရန်နှင့် ကျုံးဘေးမြေသား တိုက်စားမှု မရှိစေရန် အုတ်ဖြင့်ကာရံထားသည်။ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်ရှိ ကျုံးရာမှာ ပိုမို ကျယ်ဝန်းပြီး အနက် ၃.၄ မီတာ၊ အကျယ် ၃၇.၅၂ မီတာခန့်ရှိသည်။ အနောက်မြောက်ဘက် နှင့် အနောက်တောင်ဘက်ရှိ ကျုံး၏အကျယ်မှာ ၃၀ မီတာအတွင်းသာရှိပြီး ပျမ်းမျှအနက်မှာ ၃ မီတာ ခန့်သာရှိသည်။ ကျုံးအတွင်းသို့ ရေသွင်းမှုအနေဖြင့် ဧရာဝတီမြစ်မှရေကို တူးမြောင်းဖောက်လုပ် သွင်းခဲ့ကြောင်း ပါမောက္ခ ဒေါ်သင်းကြည်နှင့် ပါမောက္ခ ဂျီအိပ်လုစ် တို့ကဆိုထားသည်။ တုရင် တောင်ခြေမှ အခြေပြုသည့် ရေလာရိုးများမှတစ်ဆင့် အဆင့်ဆင့် စီးဆင်းလာသည့် လမ်းကြောင်းများ မှလည်း ရေဝင်ရောက်နိုင်သည်ဟု အချို့သုတေသီတို့က ယူဆကြ၏။
ရေအရင်းအမြစ်။ ပုဂံလွင်ပြင်နယ်နိမိတ်ကို အရှေ့ဘက်တွင် အင်တိုင်းချောင်း၊ မြောက် ဘက်နှင့် အနောက်ဘက်တို့တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် နလဲတောချောင်းနှင့် အရှေ့တောင် ဘက်တွင် တုရင်တောင်တန်းတို့က သဘာဝ နယ်နိမိတ်သဖွယ် ကာရံတည်ရှိနေသည်။ ယင်းတို့ အကြားတွင် ရွှေချောင်း(ဝက်ကြီးအင်းချောင်း)၊ ရေအိုးစင်ချောင်း၊ မြင်းကပါချောင်းနှင့် ယင်းတို့၏ ချောင်းလက်တက်များသည် တုရင်တောင် ပတ်ဝန်းကျင် ဆင်ခြေလျှောမှ ဧရာဝတီမြစ်ဘက် အနိမ့်ပိုင်းအထိ စီးဆင်းလျက်ရှိသည်။ အဆိုပါ ချောင်း၊ မြောင်းနှင့်လက်တက်တို့သည် ပုဂံဒေသ၏ ရေအရင်းအမြစ်များပင် ဖြစ်ကြသည်။
ထို့ပြင် တုရင်တောင်တန်းသည်လည်း ပုဂံဒေသ ရေအရင်းအမြစ်အတွက် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ တုရင်တောင်၏ အရှေ့တောင်ဘက် ဇီးအိုကျေးရွာဒေသတစ်ဝိုက်ရှိ ကုန်းမြေမြင့်များမှစတင်စီးဆင်းခဲ့သည့် ချောင်းရေများသည် တုရင်တောင်မှတစ်ဆင့် ဧရာဝတီမြစ် ထဲသို့စီးဝင်သည်။ ပုဂံမြို့ဟောင်းတောင်ဘက်ရှိ နလဲတောချောင်း၊ ရေအိုးစင်ချောင်းနှင့် အရှေ့ဘက်ရှိ ရွှေချောင်း(ဝက်ကြီးအင်းချောင်း)တို့သည် ၎င်းဒေသမှ အစပြုခဲ့ကြသည်။ တုရင်တောင်၏အနောက်ဘက် တွင် နလဲတောချောင်းရေနှင့် တုရင်တောင်၏ တောင်ကျရေတို့ကို တမံတုတ်ပြီး တည်ဆောက်ထား သော နာမည်ကျော် မြကန်ရှိသည်။ မြကန်ရေလှောင်ကန်သည် ပုဂံဒေသ ရေအရင်းအမြစ်အတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု ပညာရှင်များက ယူဆကြသည်။ တုရင်တောင်၏ တောင်ဘက်ရှိ သက်စိုးတောင်ပေါ်တွင် ကျောက်ရေကန်(နတ်ရေကန်)တစ်ခုရှိသည်။ ယင်းရေကန် တွင် အဆင်းအတက်လှေကား၊ ရေတွင်ပျော်ပါးကျက်စားသည့် ငါး၊ လိပ်၊ မိကျောင်းနှင့် ရေနေငှက် တို့ကို ထုဆစ်ထားသည်။ အပြင်ကန်၏ မြောက်ဘက်ခြမ်းတွင် နဂါးရုံ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ကို ထုလုပ်ထားရှိသည်။ ရေကန် ရေပြည့်လျှံလာပါက နဂါးရုံ ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းထက်မှ တစ်ဆင့် ရေလျှံကာ မြကန်ရေလှောင်ကန်ထဲသို့ ဝင်ရောက်နိုင်ကြောင်းနှင့် သန့်စင်သောရေကို မြကန် မှတစ်ဆင့် ပုဂံဒေသအား ရေပေးဝေခြင်းဖြင့် ရေဖြန့်ဝေစနစ်တစ်ခုဖြစ်နိုင်ကြောင်း ကနေဒါနိုင်ငံ Trent University မှ ပညာရှင်အချို့က သုံးသပ်ကြသည်။
ရေစီးဆင်းပုံအဆင့်ဆင့်
ပုဂံဒေသ၏ ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် DEM (Digital Elevation Model) ကို အခြေခံကာ ပုဂံဒေသတစ်ဝိုက်ရှိ ရေဆင်းများနှင့် စီးဆင်းမှုဦးတည်ချက် (Flow Direction) ကို လေ့လာခဲ့ပါသည်။ တွေ့ရှိမှုများကို အခြေခံကာ ရေလမ်းကြောင်းများ၊ ရေလာရိုးများတည်ရှိနေမှုကို ခန့်မှန်းသိရှိနိုင်၏။ အလံပုဂံကန်အတွင်းသို့ မြကန်ရေလှောင်ကန်၏ အောက်ဘက်မှစတင်ဖြစ်ပေါ်ခဲ့သည့် ရေလာရိုး အတိုင်း ရေဝင်ရောက်နိုင်သည့်အပြင် တုရင်တောင်အရှေ့ဘက်ရှိ ကန်သစ်ကန်၏ မြောက်ဘက် ရေလာရိုးအတိုင်းလည်း ရေဝင်ရောက်နိုင်သည်။
အလံပုဂံကန်၏ အရှေ့တောင်ဘက်ရှိ ရေလာရိုးနေရာအား စမ်းသပ်တူးဖော် လေ့လာမှုအရ ၆ ပေခန့် အနက်တွင် သဲကြမ်းအလွှာများကိုတွေ့ရှိရပြီး ရေစိမ့်ထွက်နိုင်သော အနေအထားကိုတွေ့ရှိ ရသည်။ တုရင်တောင်နှင့် မလှမ်းမကမ်းတွင်ရှိပြီး ရေအောင်းအလွှာတိမ်သောနေရာကို ရွေးချယ်ကာ ရေကန်တည်ဆောက်နိုင်မှုအတတ်မှာ ထူးခြားသည်။ အလံပုဂံကန်ထဲသို့ ဝင်ရောက်သော ရေလာရိုး မှတစ်ဆင့် လမ်းလွှဲ(လမ်းခွဲ)ကာ မြောက်ဘက်ရှိ သန့်စင်ကြယ်ကျေးရွာတောင်ဘက် တောင်ကျောင်း ကန်အတွင်းသို့လည်းကောင်း၊ တောင်ဘက်မှတစ်ဆင့် ဇေယျသွပ်ကန်အတွင်းသို့လည်းကောင်း ရေဝင်ရောက်နိုင်သည်။ အလံပုဂံ၏အောက်ဘက်(အနောက်ဘက်)မှတစ်ဆင့် ဒေသအခေါ် ပိုက်တိုက် ကုန်းနေရာတွင် လမ်းလွှဲ(လမ်းခွဲ)ကာ အနောက်ဘက်ရှိ အလယ်ကန်အတွင်းသို့လည်းကောင်း၊ အနောက်မြောက်ဘက်ရှိမင်းနန်သူလေးထောင့်ကန်အတွင်းသို့လည်းကောင်း ရေဝင်ရောက်နိုင်သည်။ ချောင်းများကန်များအတွင်းသို့ သွယ်ယူသော မြောင်းရိုးများ၏ ပုံသဏ္ဌာန်မှာယနေ့အခါတွင် လှည်း လမ်း၊ လူသွားလမ်းများအဖြစ်ရှိနေတတ်သည်။
မင်းနန်သူလေးထောင့်ကန်(လေးမျက်နှာကန်)အတွင်းသို့စီးဝင်လာသော ရေများသည် ရေစစ် ကန်မှတစ်ဆင့် ပင်မအုတ်ရေကန်အတွင်းသို့ဝင်ရောက်သည်။ သိုလှောင်ပမာဏကျော်လွန်သော ရေများသည် ပင်မကန်၏ အနောက်တောင်ထောင့်ရှိ ရေလျှံပေါက်မှတစ်ဆင့် ရိုး/မြောင်းအတိုင်း ညောင်လက်ဖက်ကန်အတွင်းသို့ဝင်ရောက်နိုင်သည်။ ရေလာရိုးအားပိတ်ကာ ယာမြေအတွင်း ရေသွယ်ယူမှုများကြောင့်လည်း အချို့နေရာများတွင် ရေလမ်းပြောင်းလဲမှုရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ညောင်လက်ဖက်ကန်၏ အနောက်မြောက်ထောင့်နေရာ တာဘောင်ကျိုးပေါက်ခဲ့ ပြီး ပြန်လည်ပြုပြင်ခဲ့သည်ဟုဆိုသည်။ ၎င်းကန်ထဲတွင် ယခင်ကစပါးစိုက်ပျိုးရန် စီမံကိန်းတစ်ခု ဆောင်ရွက်ခဲ့ဖူးသည်ဟုလည်း ဒေသခံပြောစကားအရသိရသည်။ ညောင်လက်ဖက်ကန်၏အနောက် တောင်ဘက်တွင် ရေလျှံပေါက်တစ်ခုရှိသည်။ ၎င်းရေလျှံပေါက်မှတစ်ဆင့် ရေလာရိုး/လှည်းလမ်း အတိုင်း စီးဆင်းကာ ရွာဟောင်းကြီးဘုရားအနီးရှိ ရွှေထီးကန်အတွင်းသို့ ဝင်ရောက််နိုင်သည်။ ၎င်းကန် အနီးတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်က ပုဂံ-ညောင်ဦး နှစ်လမ်းသွား ကတ္တရာလမ်း တည်ဆောက်ခဲ့ရာ ၎င်းကန်မှတစ်ဆင့် ပုဂံကျုံးထဲသို့စီးဆင်းနိုင်သည့် ရေလမ်း အထောက်အထား များစွာပျက်စီးခဲ့ပြီး အထောက်အထား အနည်းငယ်သာကျန်ရှိသည်။ ထိုလမ်းခင်းစဉ်က ယဉ်ကျေးမှု အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် Heritage Impact Assessment (HIA) မပြုလုပ်ခဲ့ဟု သိရှိရပါသည်။ အကျိုးဆက်မှာ ကားလမ်းရေကျော်လျက် အနီးတစ်ဝိုက် ရှေးဟောင်းပုထိုးများဝန်းကျင်၌ ရေဝပ်ဧရိယာ (Swamp) ပေါ်ပေါက်လာခြင်းဖြစ်၏။
မြကန်ရေလှောင်ကန်တည်ရှိသည့် ကွန်တိုအမြင့် (၁၅၀-၁၄၀)မီတာရှိပြီး ၎င်းမှတစ်ဆင့် လျှံကျသော ရေပိုသည် အလံပုဂံ (၁၃၀-၁၂၀)မီတာသို့လည်းကောင်း၊ ထိုမှတစ်ဆင့် အလယ်ကန် (၁၀၀)မီတာ၊ ညောင်လက်ဖက်ကန်(၇၅)မီတာ၊ ထိုမှတစ်ဆင့် ပုဂံမြို့ရိုးပတ်လည်ရှိ ကျုံး(၆၆)မီတာ ထဲသို့ အဆင့်ဆင့်ဝင်ရောက်နိုင်သည်။ ကျုံးရေနှင့် သောက်သုံးရေအတွက်လိုအပ်ချက်ကို တာတမံ၊ ရေလှောင်ကန်များမှတစ်ဆင့် သွင်းယူသောအထောက်အထားဖြစ်ပါသည်။
နိဂုံး
ပုဂံခေတ်ဦး မင်းတို့၏ ပုဂံလွင်ပြင်နယ်နိမိတ်အတွင်း ရေအသုံးချစီမံခန့်ခွဲနိုင်မှု အတတ်ပညာ၊ အတွေ့အကြုံဖြင့် အနော်ရထာမင်းသည် ကျောက်ဆည်လယ်တွင်း ကိုးခရိုင်အတွင်း ဆည်မြောင်း၊ ရေကန်၊ တာတမံများစီရင်ခဲ့နိုင်ခြင်းဖြစ်ကြောင်းယူဆနိုင်ပါသည်။ ရှေးဟောင်းသမိုင်းနှင့် ရှေးဟောင်း သုတေသနတို့သည် ရှေးခေတ်လူနေမှုဘဝအလုံးစုံကို သဲလွန်စဖော်ထုတ်ဆက်စပ်တည်ဆောက် ပေးရသော စုံထောက်ကြီးများသဖွယ်ဖြစ်၍ ၎င်းတို့၏ လုပ်ငန်းသည် မြန်မာနှင့် မြန်မာ့သမိုင်း၏ ဂုဏ်ရောင်ကို တောက်ပြောင်စေပါသည်။ ကမ္ဘာ့အမွေအနှစ်ဝင်ရန်လက်ရှိကြိုးပမ်းလျက်ရှိသော မြောက်ဦးဒေသတွင်လည်း ရခိုင်မင်းတို့သည် တောင်ကြားလျှိုများကို တာတုတ်၍ ရေလှောင်ကန်များ တည်ဆောက်ပြီး ရခိုင်ပြည်သူတို့အတွက် ရေပေးဝေသော စနစ်ကို ခြေရာခံတွေ့ရှိထားပါသည်။ ရှေးဟောင်းသုတေသနသည် နန်းတော်တစ်ခု၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဘုရားစေတီတစ်ဆူ ကိုသာ ထိန်းသိမ်းစောင့်ရှောက်ရသည်မဟုတ်ဘဲ ရှေးခေတ်လူနေမှုစနစ်ကိုပုံဖော်နိုင်သည့် သဘာဝ နှင့် လူလုပ်အထောက်အထားများကိုလည်း သုတေသနပြုဖော်ထုတ်ထိန်းသိမ်းရသောကြောင့် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ Property Area မှာ ၁၉.၃၂ စတုရန်းမိုင် (၅၀၀၅.၄၉ ဟက်တာ)မျှ ကျယ်ဝန်းလာရပေသည်။ ခေတ်သစ်လူနေမှုစနစ်ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ရှေးခေတ်လူနေမှုစနစ် အထောက်အထားများကို မပျောက်ပျက်ရအောင် ထိန်းသိမ်းရန်ခဲယဉ်းလာသည်မှာ ဓမ္မတာဟု ဆိုရမည်။ သို့ဖြစ်၍ ပုဂံဒေသ ရေအသုံးချစီမံခန့်ခွဲပုံကို ပြည်သူနှင့် ခရီးသွားဧည့်သည်တို့ ကြည့်ရှု လေ့လာနိုင်ရန် မိုဒယ်ပုံစံခင်း၍ ရန်ကုန်နှင့်နေပြည်တော်ရှိ အမျိုးသားပြတိုက်များနှင့် ပုဂံရှေးဟောင်း သုတေသနပြတိုက်တို့တွင် ပြသသွားရန် စီစဉ်လျက်ရှိပါသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန