ရှေးဟောင်းကမ္ပည်းကျောက်စာများသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေ ဖော်ထုတ် ထိန်းသိမ်းရာတွင် အဓိကအရေးပါသော၊ ခိုင်မာသောအထောက်အထားများ ဖြစ်ပါသည်။ ရှေးဟောင်း သုတေသနဌာနသည်ပင် ကမ္ပည်းကျောက်စာဌာနမှ အစပြု၍ သန္ဓေတည်ခဲ့ပါသည်။ ရှေးဟောင်းကမ္ပည်း ကျောက်စာများကို သုတေသနပြုလေ့လာ၍ မြန်မာ့ယဉ်ကျေးမှုဓလေ့အစဉ်အလာနှင့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်တို့ကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ဤမျှ အရေးပါသော ရှေးဟောင်းကမ္ပည်း ကျောက်စာများကို ရှာဖွေဖော်ထုတ်ခြင်း၊ စုဆောင်းထိန်းသိမ်းခြင်း၊ မင်ကူး-ကူးယူထိန်းသိမ်းခြင်း၊ အက္ခရာ ဖလှယ်ဖတ်ရှုပြန်ဆို စုဆောင်းထိန်းသိမ်းခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ကျောက်စာရုံများဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ ဥပဒေ၊ နည်းဥပဒေများဖြင့် ကာကွယ်ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို ပညာရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများက ခေတ်အဆက်ဆက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
ရှေးဟောင်းကမ္ပည်းကျောက်စာဆိုင်ရာပညာရပ်များ ကွင်းဆက်မပြတ် ဆက်လက်ရှင်သန် ထွန်းကားရေးနှင့် ရှေးဟောင်းကမ္ပည်းကျောက်စာဆိုင်ရာ သုတေသနမျိုးဆက်သစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ”ရှေးဟောင်းကမ္ပည်းကျောက်စာပညာရပ်ဆိုင်ရာ အထူး မွမ်းမံသင်တန်း(ပျူစာပေနှင့်ပါဠိ၊သက္ကတ)အဆင့်(၁)Level-I”ကို ရန်ကုန်ဌာနခွဲတွင် (၁၃-၁၂-၂၀၂၁)ရက်နေ့ မှစ၍ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလမှာ အဆင့်(၁)သင်တန်းအတွက် ရက်သတ္တ(၄)ပတ် ကြာမြင့်မည် ဖြစ်ပါသည်။
ယင်းသင်တန်းတွင် ရှေးဟောင်းပျူစာပေပညာရှင်များ၊ ပါဠိ-သက္ကတစာပေပညာရှင်များက သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အထူးရွေးချယ်ထားသော ဌာနခွဲအသီးသီးမှ ကမ္ပည်းကျောက်စာကျွမ်းကျင် ဝန်ထမ်း(၆)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန