သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရက်တိုလုပ်ငန်းခွင်သင်တန်းအမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့မှ ကျောင်းဆင်း ဝန်ထမ်းများအား ဖွင့်လှစ်သင်ကြားပေးမည့် ရက်တိုလုပ်ငန်းခွင် သင်တန်းအမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနား၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ က အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် မည်သည့်နေရာဒေသတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ပေးအပ်လာသည့် တာဝန်များကို အချိန်မီပြီးစီးရန် စိတ်စေတနာဖြင့် ဝီရိယစိုက်ထုတ်ပြီး ကြိုတင်ပြင်ဆင်တတ်တဲ့ အလေ့အကျင့်ကောင်းများ မွေးမြူပြီး လုပ်ကိုင်ဆောင်ရွက် ကြရန်၊ ကျန်းမာရေးကောင်းမှ လုပ်ငန်းတာဝန်များကို လေ့လာသင်ယူမှုနဲ့တာဝန်ကျေပွန်စွာ ထမ်းဆောင် နိုင်မှာဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ မိမိတို့တာဝန်ကို ကိုယ်စီထမ်းဆောင်တဲ့အခါမှာ မိသားစုစိတ်ဓာတ်မွေးမြူပြီး လုပ်ကိုင်ဆောင်ရွက်ကြရန်၊ တာဝန်ကျေပွန်ရုံမျှမက ကုသိုလ်စိတ်ဖြင့် စေတနာထားပြီး ထိရောက်အောင်မြင်အောင် ကြိုးပမ်းအားထုတ်ကြရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များ၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ကြရန်၊ အကြီးအကဲများ၏ လမ်းညွှန်ချက်များကို လိုက်နာရန်၊ နိုင်ငံတော်အတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအတွက် ယုံကြည်အားကိုးရသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားထမ်းဆောင်ကြရန် မှာကြားလိုကြောင်း ပြောကြားပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါသင်တန်းအား ၆-၁၂-၂၀၂၁ ရက်နေ့မှ ၁၀-၁၂-၂၀၂၁ ရက်နေ့အထိ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ပြီး ကျောင်းဆင်းဝန်ထမ်း၂၁ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)