(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူရသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ၅-၁-၂၀၂၂ ရက်နေ့၊ ၁၅:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၅ ဦး ပါဝင် တက်ရောက်ကြပါသည်။
အစည်းအဝေး၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာတွင် လုပ်ငန်းအလိုက် ကြီးကြပ်မည့် ဌာနအကြီးအကဲများကို တာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးရန်ဖြစ်ကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီတာဝန်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒုတိယ ဝန်ကြီး(ယဉ်ကျေးမှု)က ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ဖိတ်ကြားရေးကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနကလည်းကောင်း၊ ကြိုဆိုနေရာချထားရေးကို ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနကလည်းကောင်း၊ ဖျော်ဖြေရေးကို အနုပညာဦးစီးဌာနကလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ မြေပုံအမှတ်သား သရုပ်ဖော်ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)ကလည်းကောင်း၊ အလံတင်အခမ်းအနားတွင် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ရေးကို ဝန်ကြီးရုံးကလည်းကောင်း အသီးသီးတာဝန်ယူ ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် မိမိတာဝန်ယူရသည့် ကဏ္ဍအလိုက် အောင်မြင်အောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ အစည်းအဝေးတွင် တက်ရောက်လာကြသူများက မိမိတာဝန်ယူရသည့် ကဏ္ဍအလိုက် လုပ်ငန်းများ နှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြပါသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားအတွက် အောင်မြင်အောင် ဆောင်ရွက်သွားရန် မှာကြားပြီး အစည်းအဝေးကို ၁၇:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။