သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက်၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ အေဒီ ၁၆ရာစုက တည်ဆောက်ခဲ့သည့် ရေသွင်းရေထုတ်စနစ်ဖြစ်သော မင်းထွက်ဆည် ‌ရေတံခါးကို သွားရောက် ကြည့်ရှုလေ့လာခဲ့ပြီး သန့်ရှင်းသပ်ရပ်ရေးနှင့် ပြည်သူတို့ သိရှိနားလည်အောင် ပုံကြမ်းရေးဆွဲ ပြသရေးများ မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် မြောက်ဦးမြို့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းရှိ နိုင်ငံတော် ဩဝါဒစရိယဆရာတော် အဘိဓဇ မဟာ ရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ပညာသာမိအား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီး၏ ကျန်းမာရေးနှင့် သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားခဲ့ပါသည်။

ဆက်လက်၍ အေဒီ ၁၆ရာစုခေတ်ကတည်ဆောက်ခဲ့သည့် ရေအရင်းအမြစ် စီမံ ခန့်ခွဲရေးနှင့် ကာကွယ်ရေးဆိုင်ရာ အစီအမံ ဆောင်ရွက်မှုများဖြစ်သည့် လက်ဆည်ကန်၊ အနုမကန်များအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ယခုကာလအထိ မြို့ရေပေးရေးအတွက်ပါ အရေးပါ အလေးထားနေရသဖြင့် ပြည်တွင်းပြည်ပ ပညာရှင်များ၏ အကြံဉာဏ်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရေးများကို ဆွေးနွေးမှာ ကြားခဲ့ပါသည်။

ထို့နောက်အေဒီ ၁၆ရာစုတွင် ဘုရင်မင်းတိက္ခာတည်ဆောက်ခဲ့သည့် ကိုးသောင်း ပုထိုးတော်ကြီးကိုလည်းကောင်း၊ အေဒီ ၁၄၃၁တွင် ဘုရင်မင်းစောမွန် တည်ဆောက်ခဲ့ပြီး ဘုရင်မင်းဗာကြီး ထပ်မံမွမ်းမံတည်ဆောက်ခဲ့သည့် အုတ်၊ သဲကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် မြောက်ဦးနန်းတော်ရာကိုလည်းကောင်း၊ မြောက်ဦးရှေး‌ဟောင်း သုတေသန ပြတိုက်ကိုလည်းကောင်း ၊ မင်းသားကျွန်းတံတိုင်း၊ အဘောင်တော်အင်း၊ မြောက်ဦးမြို့သစ်စီမံကိန်းဆောင်ရွက်မည့်နေရာများကိုလည်းကောင်း သွားရောက်ကြည့်ရှုခဲ့ပါ သည်။ မြောက်ဦးရှေးဟောင်း သုတေသနပြတိုက်ကို ပြည်သူလူထု လေ့လာကြည့်ရှု နားလည်နိုင်ရန် ရှင်းလင်းချက်စာသားများ ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြင်ဆင် ခင်းကျင်းပြသရန်၊ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားသည့်အတွက် ပြတိုက်တွင် Information Centerကို တိုးချဲ့ခင်းကျင်းပြသသွားရန်၊ ရှေးဟောင်းပစ္စည်း သန့်စင်ထိန်းသိမ်းနိုင်ရန် ဓါတ်ခွဲခန်းကိုပါ တိုးချဲ့ဆောင်ရွက်သွားရန် ပြတိုက်လုံခြုံရေးနှင့် အဆောက်အအုံပိုင်းအတွက် လိုအပ်သည်များ ကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ၍ပါ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ နေ့လယ်ပိုင်း၌ မြောက်ဦးဌာနခွဲရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ ဌာနသည် ကမ္ဘာ့အမွေအနှစ်တင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး တိမ်မြုပ်နေသော ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေ ဖော်ထုတ်ရသောဌာနဖြစ်သည့်အားလျော်စွာ ကမ္ဘာ့အမွေအနှစ်တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း  ပြည်နယ်အစိုးရအဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ လူမှုအဖွဲ့အစည်း များ၊  ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ သက်ရောက်ဆဲကာလဖြစ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားကြရန်နှင့် နိုင်ငံ့ ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို အလေးထားလိုက်နာရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။ ခရစ်သက္ကရာဇ် ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့သော မြောက်ဦးမြို့သည်  တောင်ကုန်း၊ တောင်တန်းထူထပ်သော နေရာတွင် ခိုင်မာသည့် ခံတပ်မြို့တစ်ခုဖြစ်ပါကြောင်း၊ မြောက်ဦးမြို့သည် တစ်ချိန်က ဝေးလံသောဒေသများမှလာသည့်ကုန်စည်များအတွက် အလွန် အရေးပါသော ကုန်သွယ်ရေး၊ သမိုင်းကြောင်းများနှင့် အဖိုးတန်ရတနာများကြောင့် “ရွှေမြို့တော်” ဟု ပေါ်တူဂီနှင့် ဒတ်ချ် ခရီးသွားများကခေါ်ဝေါ်ခဲ့ပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက်  အဆိုပြုစာတွဲအပြည့်အစုံကို (၃၀-၁၂-၂၀၂၁) ရက်နေ့တွင် သက်ဆိုင်ရာသို့ တင်ပြပြီးဖြစ်ပါကြောင်း၊ International Council On Monuments and Sites (ICOMOS) မှ ပညာရှင်များသည် မကြာမီ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇွန်လ သို့မဟုတ် ဇူလိုင်လတွင် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံတွင် အဆုံးအဖြတ်ပေးမည်ဖြစ်ပါကြောင်း၊  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ် ခံရပါက ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့််အလမ်း များလည်း ပေါ်ပေါက်လာမည်ဖြစ်သောကြောင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးအတွက် ဌာနဆိုင်ရာများနှင့် ‌ဒေသခံပြည်သူလူထု အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အထူးအရေးကြီးကြောင်း သတင်းရရှိပါသည်။