သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ စစ်တွေမြို့သို့သွားရောက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး ပြတိုက်များအား လေ့လာကြည့်ရှုမှာကြားခြင်း (၂၁.၃.၂၀၂၂) ရက်နေ့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၂၁-၃-၂၀၂၂) ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိပြီး နံနက်ပိုင်း၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံခဲ့ ပြီး မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် စစ်တွေယဉ်ကျေးမှုပြတိုက်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြတိုက် နှင့် စာကြည့်တိုက်လုပ်ငန်းသည် ပြည်သူများအား သမိုင်းနှင့် ယဉ်ကျေးမှုအနုပညာဆိုင်ရာ ပညာပေး ခြင်းနှင့် အသိပညာဆိုင်ရာ စာပေဝန်ဆောင်မှုပေးခြင်းဖြစ်ရာ မိမိတို့လုပ်ငန်းတာဝန်များကို ပိုင်နိုင် ကျွမ်းကျင်စွာ သိနားလည်စေရန် လေ့လာ၊ လေ့ကျင့်ထားကြရန်လိုကြောင်း ကျောင်းသား လူငယ်များ ကိုလည်း သမိုင်းနှင့်ယဉ်ကျေးမှု နားလည်သိမြင်လာစေရန် ပြတိုက်များသို့ ဖိတ်ခေါ်၍ ရှင်းလင်းပြသ အသိပညာပေးမှုကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြတိုက်ခင်းကျင်းပြသ ရေးကို ခေတ်နှင့်ညီအောင် နှစ်စဉ် ပြင်ဆင်တိုးချဲ့သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို အောင်မြင်အောင် စုပေါင်းညီညွတ်စွာဖြင့် ပူးပေါင်း အကောင်အထည်ဖော်ကြရန် လိုအပ်ပါကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေယဉ်ကျေးမှုပြတိုက်အတွင်း လှည့်လည်ကြည့်ရှု၍ အမြင် မတင့်တယ်တော့သည့် ခင်းကျင်းပြသမှုများ ပြန်လည်ပြုပြင်ခင်းကျင်းရန်၊ သမိုင်းကြောင်း မှန်ကန်စွာ အသိပညာပေးရန်၊ ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှု များကို ပေါ်လွင်အောင်နှင့် စုံလင်အောင်ပြသရန်၊ ရိုးရာပွဲလမ်းများကိုပါ လူငယ်များ သိရှိနားလည် ထိန်းသိမ်းလိုအောင် ပြည့်ပြည့်စုံစုံရေးသားဖော်ပြသွားရန်၊ ရခိုင်ယဉ်ကျေးမှုခေတ်အလိုက် ကဟန်များ ကို သုတေသနပြုလေ့လာဖော်ထုတ်ကြရန်၊ ပြတိုက်ပညာရပ်ကို လေ့လာရင်း ဝန်ထမ်းငယ်များကိုလည်း အဆင့်ဆင့်လေ့ကျင့် ပညာပေးပျိုးထောင်ရန်၊ မြောက်ဦးဒေသ၏ ထူးခြား ထင်ရှားသော အမွေအနှစ် များကို ခင်းကျင်းပြသရန်၊ အေဒီ(၁၆)ရာစုက တည်ခဲ့သော မြောက်ဦးမြို့၏ ကာကွယ်ရေးစနစ်နှင့် ရေအသုံးချမှုကို အခြေခံသော မြို့တည်စနစ်ကို ပေါ်လွင်အောင် ခင်းကျင်း ပြသသွားရန် မှာကြားခဲ့ ပါသည်။

ထို့နောက် ဗုဒ္ဓပြတိုက်သို့ သွားရောက်၍ ခေတ်နှင့်လျော်ညီအောင် ပြန်လည်ခင်းကျင်းမှုကို နှစ်အလိုက်ခွဲခြားလျာထားဆောင်ရွက်ရန်၊ အဆောက်အအုံပိုင်းကြံခိုင်စေရန်သာမက ဥပဓိရုပ် ကောင်း အောင်ပါ ပြုပြင်မွမ်းမံသွားရန်၊ စိတ်ဝင်စားဖွယ်လေ့လာချင်စရာ ပြတိုက်ဖြစ်အောင် စွမ်းဆောင်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။