ပေါရိသတ်မြို့ဟောင်း

ပေါရိသတ်မြို့ဟောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၏ အရှေ့ဘက်(၂) ဖာလုံခန့်အကွာတွင် တည်ရှိသည်။ မှန်ကူကွက်ပုံမြို့ဟောင်း ဖြစ်သည်။ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်(၁.၇) ခန့် ကျယ်ဝန်းပြီး အုတ်မြို့ရိုးကာရံထားသည့် မြို့ဟောင်းတစ်မြို့ ဖြစ်သည်။ ပေါရိသတ်မြို့ဟောင်းအား ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တောင်ကြီးဌာနခွဲမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အနောက်ဘက်မြို့ရိုး၏ အနောက်တောင်ထောင့် မြို့ရိုးနေရာအား စမ်းသပ်ကျင်းငယ် တူးဖော်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် ခေါင်းဆောင်သော အဖွဲ့သည် အနောက်ဘက်မြို့ရိုး၏ မြို့ဝင်ပေါက်နေရာအား (PRT-1)ဟူ၍ အမည်ပေး၍ တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တူးဖော်-ရှေးပစ္စည်း-ကမ္ပည်းကျောက်စာ ဌာန(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ညီညီထက် ခေါင်းဆောင်သော သုတေသနလုပ်ငန်းအဖွဲ့သည် ပေါရိသတ်မြို့ဟောင်းနှင့် အနီးဝန်းကျင်ရှိ ကျန်ရှိနေသော ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ အချက်အလက်များ ပါဝင်သော Archaeological Map ကို ရေးဆွဲရန် ကွင်းဆင်းသုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။