စဉ့်ဖိုတူးဖော်မှု

မြန်မာနိုင်ငံတွင် စဉ့်ထည်ပစ္စည်းများအား ပုဂံခေတ် (အေဒီ ၁၁ – ၁၃ ရာစုနှစ်) ကတည်းက အသုံးပြုခဲ့သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှတစ်ဆင့် ကွဲပြားသော နေရာများတွင် ရှေးဟောင်းစဉ့်ဖိုများစွာကို တွေ့ရသည်။

၁၉၉၀ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တို့နှင့်အတူ Sidney University မှ Mr.Don Hein တို့ပူးပေါင်း၍ မွန်ပြည်နယ်၏ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သော လဂွန်းဗျည်းတွင် ရှေးဟောင်းစဉ့်ဖိုအား ပထမဆုံးအကြိမ် စနစ်တကျတူးဖော်ရေးကို ဆောင်ရွက်ခဲ့ သည်။ ၁၉၉၉ ခုနှစ်တွင်လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တူးဖော်ရေး အဖွဲ့က ထပ်မံတူးဖော်ခဲ့သည်။ ဤရှေးဟောင်းနေရာများမှာ ရန်ကုန်မှ (၂၇)မိုင်အကွာ လှည်းကူး မြို့နယ်၊ မင်းလွင်ကုန်းရွာ၏ မြောက်ဘက်(၁)မိုင် (၄)ဖာလုံအကွာတွင် တည်ရှိသည်။ ထိုတူးဖော်မှုမှ စဉ့်ခွက်များ၊ ကရား၊ ထုလုံးရှည်ပုံစံနှင့် အဝိုင်းပုံစံ၊ အစိမ်းရောင် စဉ့်ရည်သုတ် ကျောက်ဘောလုံး များနှင့် ရွှံ့ဘောလုံးများစသည့် စဉ့်ထည် ပစ္စည်းအမျိုးမျိုးကို တူးဖော်ရရှိခဲ့သည်။

၁၉၉၉ ခုနှစ်၊ မေလတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တူးဖော်ရေး အဖွဲ့မှ ရှေးဟောင်းစဉ့်ဖို၏ အခြားသော တူးဖော်မှုကို တွံတေးမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။ ဤတူးဖော်မှုမှလည်း ကစားစရာ ငှက်ရုပ်အရွယ်အစား အမျိုးမျိုးပါဝင်သော စဉ့်ထည်ပစ္စည်း အမြောက်အမြားကို တူးဖော်တွေ့ရှိခဲ့သည်။

ယင်းနောက် ၂၀၀၀-၂၀၀၁ နှင့် ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်များတွင် တွံတေးမြို့ဟောင်း အနီး၌ လည်းကောင်း၊ ၂၀၀၃-၂၀၀၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပုဂံမြို့ဟောင်း၌ လည်းကောင်း၊ ရှေးဟောင်းစဉ့်ဖိုများအား တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ကြသည်။ စဉ့်လုပ်ငန်းနှင့် ပတ်သက် ၍ ပိုမိုသုတေသနပြုနိုင်ရန်နှင့် မြေပေါ်မြေအောက်မှ စဉ့်ဖိုဟောင်းများ ကျန်ရှိနေမှုအား မှတ်တမ်း တင်ရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း များ၊ ဂျပန် နိုင်ငံ Nara National Research Institute မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့၊ မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့ ၊ ရန်ကုန်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကော့တာ ကျေးရွာရှိ ရှေးဟောင်းစဉ့်ဖိုများအား ကွင်းဆင်းတူးဖော်သုတေသနပြုခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။