ဝတီးမြို့ဟောင်းသည် နွားထိုးကြီးမြို့နယ် အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ အုတ်တွင်း ၊ ကျီးကန်ရွာ၊ဘုရားကြီးရွာ(၃)ရွာအကြားတည်ရှိပြီးဘုရားကြီးကျေးရွာနှင့် ပို၍နီးကပ်စွာတည်ရှိ သည်။ ၁၉၆၇ ခုနှစ်တွင် ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သော်သည် သစ်တော မင်းကြီးဦးအောင်မြင်၏ ကောင်းကင်ဓာတ်ပုံအကူအညီဖြင့် ဤမြို့ဟောင်းကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရှိရသည် ။ ဘုရားကြီးကျေးရွာ ၊ ရွှေမုဒေါဘုရားအတွင်းရှိ ကျောက်စာအပိုဒ် ၆ တွင် ဝတီးမြို့ ဟု ဖော်ပြထားခြင်းကြောင့် ဝတီးမြို့ဟောင်းဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ၂၀၁၂ ခုနှစ်တွင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်နှင့် ကာကွယ် ထိန်းသိမ်းထားသောဇုန် အဖြစ်သတ်မှတ်ကာ ကာကွယ်ထိန်းသိမ်းလျက် ရှိပါသည်။ မြို့ဟောင်းမှာ အဝိုင်းပုံသဏ္ဍာန် ရှိပြီး အနောက်ဘက် မြို့ရိုးသည့် ၀.၇၅ မိုင် ၊မြောက်ဘက် မြို့ရိုးသည် ၀.၇၅ မိုင် ၊ အရှေ့ဘက်မြို့ရိုးမှာ ၀.၆၃ မိုင် နှင့် တောင်ဘက် မြို့ရိုးသည် ၀.၅ မိုင်ခန့် ရှိပါသည်။ ကုန်း အမှတ် WD-1, WD-2, WD-3, WD-4, WD-5, WD-5b, WD-6 တို့ကို ၂၀၀၈-၂၀၀၉ ခုနှစ်မှ စတင် တူးဖော်သုတေသနပြုလုပ်ခဲ့ပြီး အဆောက်အအုံများ အနေဖြင့် မြို့ရိုး နှင့် မြို့ဝင်ပေါက် နေရာများ ၊ ဘာသာရေး အဆောက်အအုံ များ နှင့် အိုးခြမ်းကွဲကုန်းများကို တွေ့ရှိခဲ့ပါသည် ။ တွေ့ရှိ ခဲ့သည့် ရှေးဟောင်း ပစ္စည်းများ အနေဖြင့် မြေထည်ပစ္စည်းများ၊ အိုးခြမ်းကွဲများ ၊ လက်ရေးစင်းပါအုတ်ချပ်များ ၊ မြေပုတီးစေ့များ ၊ မြေဆေးတံအိုး ၊ လက်ချောင်းရာပါ ပျူအုတ်များ၊ လက်နက် ပုံသဏ္ဍာန်ရှိ သံချောင်း များ ၊ အရိုး များ ကို တူးဖော်တွေ့ရှိခဲ့ပါသည်။