၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမ အကြိမ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ ၁၀-၄-၂၀၂၂ ရက်နေ့ (၀၈:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

                  ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အတာသင်္ကြန်နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နောက်(၃)ရက်ဆိုရင် မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းရောက်ရှိတော့မှာ ဖြစ်ပါကြောင်း၊ နှစ်ဦးအကြို သင်္ကြန်ကာလမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်း၊ မိသားစုများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေရန် ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း၊

                  သင်္ကြန်ဆိုတဲ့ဝေါဟာရသည်သင်္ကန္တမှ ဆင်းသက်လာသောဝေါဟာရဖြစ်ပါကြောင်း၊ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ် ရပါကြောင်း၊ ဘယ်ကဘယ်ကို ကူးပြောင်းတာလဲဆိုရင် နှစ်ဟောင်းရဲ့ နောက်ဆုံးလ တပေါင်းကနေ နှစ်သစ်ရဲ့ ပထမဆုံးလ တန်ခူးကို ကူးပြောင်းတာဖြစ်ပါကြောင်း၊ ဒါကြောင့် မြန်မာတို့ရဲ့ နှစ်သစ်ကူးပြောင်းတဲ့အချိန်အခါ”လို့ သတ်မှတ်ကြပါကြောင်း၊

                  နှစ်သစ်ကူးပြောင်းတဲ့အချိန်မှာ အတာရေသဘင်ပွဲ ဆင်နွှဲကြပါကြောင်း၊ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ဆေးကြောပြီး နှစ်သစ်ကို ဖြူဖြူစင်စင်နဲ့ ဖြတ်သန်းကြဖို့ ရည်ရွယ်ပါကြောင်း၊ ရှေးအတီတေကတော့ ငွေဖလားမှာ အတာရေအေးထည့်ပြီး သပြေခက်နဲ့ ယဉ်ကျေးသိမ်မွေ့စွာ ရေကစားခဲ့ကြပါကြောင်း၊

                  ရေကစားခြင်းနဲ့အတူ ကောင်းမှုကုသိုလ်များကိုလည်း တစ်ပါတည်း ပြုလေ့ရှိကြပါကြောင်း၊ ဥပုသ်သီတင်းသီလ စောင့်ထိန်းခြင်း၊ အိမ်ဘုရားဆင်းတုများကို နံ့သာရေမွှေးနဲ့ ရေသပ္ပါယ်ခြင်း၊ သက်ကြီးဝါကြီးများကို ပူဇော်ကန်တော့ခြင်း၊ ခြေသည်း လက်သည်း လှီးဖြတ် သန့်စင်ပေးခြင်း၊  သတ္တဝါများကို ဘေးမဲ့လွှတ်ခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ရိုးရာသင်္ကြန်အစားအစာများ ဝေငှ ကျွေးမွေးခြင်း စတာတွေဟာ မြန်မာ့သင်္ကြန်ရဲ့ သင်္ကေတတွေပဲဖြစ်ပါကြောင်း၊

                  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုတိုင်းကို ထိန်းသိမ်း စောင့်ရှောက်ရမယ့်တာဝန် ရှိပါကြောင်း၊ ဝန်ကြီးဌာနရဲ့ အစဉ်အလာအရ “သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်နာကြားပွဲတွေကို” ပြုလုပ်မြဲအတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါ ကြောင်း၊

                  ဒါ့အပြင် ဒီနှစ်မှာတော့ ဝန်ကြီးဌာန မိသားစုရေသဘင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် အောက်ပါရည်ရွယ်ချက်(၃)ခုနဲ့အညီ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါကြောင်း-

                  (၁)    ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊

                  (၂)    မိသားစုများ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊

                  (၃)    ဝန်ထမ်းမိသားစုများ ပျော်ရွှင်ကြည်နူးကြစေရန်။

                  အဆိုပါရည်ရွယ်ချက်များနဲ့အညီ အဆို၊ အက ဖျော်ဖြေမှုအတွက် ဇာတ်စင်နေရာ၊ ရိုးရာသင်္ကြန်အစားအစာ စားသောက်ရန်နေရာ၊ ရေပက်ကစားရန်နေရာတွေကို သီးခြားစီ ပြုလုပ်ပေး ထားပါကြောင်း၊

                  နိဂုံးချုပ်အနေဖြင့် မကြာမီရောက်ရှိတော့မည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှစ၍ ကောင်းမြတ်သော မြန်မာ့ယဉ်ကျေးမှုရိုးရာအစဉ်အလာများကို ဆက်ခံထိန်းသိမ်းကာ ဘာသာတရား အသီးသီးတို့၏ မေတ္တာကို ရှေးရှုသည့် အဆုံးအမအောက်၌ နေထိုင်ကျင့်ကြံကြပြီး ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ပျိုး၍ ကောင်းကျိုးကိုယ်၌ တည်ရှိနေနိုင်ကြပါစေရန် ဆုတောင်းမေတ္တာပို့သအပ် ပါကြောင်း ပြောကြားခဲ့ပါသည်။

                  ထို့နောက် ၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ်မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ်အား  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာကြသူများက သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင် ပက်ဖျန်းပေးခဲ့ကြပါသည်။

                  ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးနှင့်  ဦးစီးဌာနများက သာကူ၊ မုန့်လုံးရေ‌ပေါ်၊ ကြာဇံချက်၊ မန်ကျည်းကျောက်ကျော၊ ရွှေရင်အေး၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် မုန့်လက်ဆောင်း စသည့် သင်္ကြန်ရိုးရာ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ကြပြီး အနုပညာ ဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများယိမ်းအဖွဲ့က သင်္ကြန်တေးသီချင်းများ၊ ယဉ်ကျေးမှုယိမ်း အကများ၊ သံချပ် တို့ဖြင့် တပျော်တပါး စုပေါင်းဖျော်ဖြေခဲ့ကြရာ  အနုပညာရှင်ဝန်ထမ်းယိမ်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

                  ၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သတင်း ရရှိပါသည်။