သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ စစ်တွေမြို့နှင့် မြောက်ဦးမြို့ခရီးစဉ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ပြည်နယ်သံဃာ့ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဂန္တဝါစက ပဏ္ဏိတဘဒ္ဒန္တဓမ္မိက ထံသွားရောက် ဖူးမြှော်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ရောက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မြောက်ဦး မြို့သို့ နေ့လည်(၁၁:၃၀) နာရီတွင် ရောက်ရှိပါသည်။

            ထိုနောက် မြောက်ဦးမြို့ မြို့တော်ခန်းမတွင် မြောက်ဦးခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြား ရာတွင် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ် ဒေသများအနက်မှ ပျူမြို့ဟောင်းများ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ)သည် ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ်ဒေသများဖြစ်ပါကြောင်း၊ ပုဂံဒေသ သည် ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်ပါကြောင်း၊  မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်၍ UNESCO၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ပညာရှင်များနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပူးပေါင်း၍  ဆောင်ရွက်ခဲ့ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ပေးပို့တင်ပြရမည့် အဆိုပြုစာတွဲ (အပြည့်အစုံ) (Nomination Dossier-Complete) နှင့် နောက်ဆက်တွဲများ၊ မြေပုံများကို ၃၀-၁၂-၂၀၂၁ ရက်နေ့တွင် ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းတွင် UNESCO ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ပညာရပ် ဆိုင်ရာအဖွဲ့ဖြစ်သော ICOMOS အဖွဲ့မှ ကျွမ်းကျင် ပညာရှင်များက လာရောက်၍ မြေပြင်ကွင်းဆင်း ဆန်းစစ်အကဲဖြတ်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အမွေအနှစ် တစ်ခုဖြစ်ရန် အတွက် ယဉ်ကျေးမှု ကဏ္ဍဆိုင်ရာ သတ်မှတ်ထားသော စံနှုန်း(၆)ချက်ရှိရာ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို  စံနှုန်း(၃၊ ၄) တို့ဖြင့် ကိုက်ညီကြောင်းကို အဆိုပြုစာတွဲတွင် ဖော်ပြခဲ့ပါကြောင်း၊ ICOMOS မှ ကျွမ်းကျင်ပညာရှင်များ၏ အကဲဖြတ်ချက်များအပေါ် မူတည်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ (သို့မဟုတ်) ဇူလိုင်လတွင် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် အဆုံးအဖြတ်ပေးမည် ဖြစ်ပါကြောင်း၊ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား UNESCO မှ အကဲဖြတ်စစ်ဆေးမည့် ပညာရှင်များ လာရောက်ခြင်းမပြုမီ ကြိုတင်ပြင်ဆင်လုပ်ကိုင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဆောင်ရွက်ထားရန် လိုအပ်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက မြောက်ဦးဒေသ ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းရေးဆောင်ရွက်ချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြထားပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ဥပဓိရုပ်ကောင်းမွန် စေရေးအတွက် အမှိုက်ကောက်ကမ်ပိန်းကို မိမိတို့ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အကဲဖြတ် စစ်ဆေးမည့် ICOMOS ပညာရှင်များအနေဖြင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ပြည့်စုံ လုံလောက်သည့် နယ်နိမိတ်သတ်မှတ်ချက် ရှိ၊ မရှိ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်း အမွေအနှစ်များသည် ကမ္ဘာလုံးဆိုင်ရာစံနှုန်း သတ်မှတ်ချက်(Outstanding University Value- OUV) စစ်မှန်မှု ရှိ၊ မရှိ၊ ရှေးဟောင်းအမွေအနှစ်များကို ဥပဒေဖြင့် ပြဋ္ဌာန်း၍ ကာကွယ်စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ၊ လျှောက်ထားလာသည့် နိုင်ငံများအား မိမိတို့ အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ထားသည့် အစီအမံများ စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း ရှိ၊ မရှိ နှင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်များ အမှန် တကယ် အကောင်အထည်ဖော်နိုင်စွမ်း ရှိ၊ မရှိတို့ကို ဆန်းစစ်အကဲဖြတ်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးသို့ ဒေသခံပြည်သူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့်လည်း လိုက်ပါဆောင်ရွက်စေလိုပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ရောက်နိုင်ရေးအတွက် ဒေသခံများက တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် အရာရှိကြီးများကိုလည်း အလှည့်ကျဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တာဝန်ခွဲဝေပေးထားပြီးဖြစ်ပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးစားလျက်ရှိပြီး ပြည်နယ်အစိုးရကလည်း လိုအပ်သည့် အထောက်အပံ့အကူအညီများ ပေးလျက်ရှိပါကြောင်း၊ ဒေသခံများမှလည်း မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးကို လိုလားလျက်ရှိပြီး အားတက်သရော ဝိုင်းဝန်းဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့ရ ပါကြောင်း၊ နိုင်ငံတော် အစိုးရ ဆောင်ရွက်သမျှအားလုံးကို အတိုက်အခံ ပြုနေသော၊ အမြဲဆန့်ကျင် ကန့်ကွက်နေသော ပြည်ပနိုင်ငံအချို့နှင့် တရားမဝင်အဖွဲ့အစည်းအချို့က၊ အနှောက်အယှက် ပေးခြင်းများ ဆောင်ရွက်လာနိုင်ပြီး မိမိတို့မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် အဟန့်အတား ဖြစ်လာနိုင်သည်ကိုလည်း ကြိုတင် တွေးဆထားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က  မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း‌ရေးလုပ်ငန်းများ အတွက် ကော်မတီများနှင့် ဆပ်ကော်မတီများဖွဲ့စည်းခြင်း၊ အဆောက်အအုံဆောက်လုပ်ရာတွင် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြောက်ဦးဒေသအတွက် ရေးဆွဲထားသည့် အစီအစဉ် (Plan)၊ စီမံခန့်ခွဲမှု မူဘောင်နှင့် အချိန်ကိုက် စီမံခန့်ခွဲရမည့်အစီအစဉ်၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကမ္ဘာ့အမွေအနှစ် အကျိုး ကျေးဇူးများအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးပြီးနောက် သာသနာရေးနှင့် ယည်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို (၁၆: ၅၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြောက်ဦးခေတ်တွင် ဘုရင်မင်းဗာကြီး တည်ထောင်ခဲ့သည့် လက်ဆည်ကန်နှင့် အနုမကန်သို့ ရောက်ရှိပြီး သဘာဝရေကန်များကို မြောက်ဦးမြို့တော်၏ ကာကွယ်ရေးနှင့် မြို့နေလူထုအသုံးပြုရန်အတွက်ပါ ရည်ရွယ်ဆောင်ရွက်ခဲ့သည့်အတွက် ယနေ့ထိတိုင်အသုံးဝင်နေဆဲ ဖြစ်ကြောင်း၊ ထိုသို့ထူးခြားသည့်အမွေအနှစ်ကို ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ အကြံပြုချက်များနှင့်အညီ စနစ်တကျထိန်းသိမ်းခြင်းဖြင့် ရေရှည် တည်တံ့စေရန်အတွက် လိုက်နာဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာ ကြားခဲ့ပါသည်။

ထို့နောက် မြောက်ဦးမြို့ရှိ မာရ်ငါးပါး ဘုရားတစ်ဆူဖြစ်သော ဇိနမာရ်အောင်ဘုရားသို့ လည့်လည်ဖူးမျှော်ပြီး ဂေါပကအဖွဲ့သို့ ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေ ကျပ်ငါးသိန်း (၅၀၀၀၀ဝိ)ကိုလည်းကောင်း၊ AD – ၁၅၃၅ ခုနှစ်တွင် ဘုရင်မင်းဗာကြီးတည်ထားခဲ့သည့်သျှစ်သောင်း ပုထိုးတော်ကြီးအား လှည့်လည်ဖူးမြှော်ပြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့သို့ အလှူငွေ ကျပ်ငါးသိန်း (၅၀၀၀၀ဝိ)ကိုလည်းကောင်း လှူဒါန်းခဲ့ပြီး အာရှပစိဖိတ်ဒေသ မှတ်တမ်းအမွေအနှစ် စာရင်းဝင် အာနန္ဒစန္ဒြကျောက်စာကို  လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။