မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက် အကြိုလှုပ်ရှားမှု အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံပြပွဲကျင်းပ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှု အမွေအနှစ် များ ကာကွယ်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ လိုက်ပါလျက် ဧပြီလ ၂၃ ရက်နေ့တွင် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ နိုင်ငံတော် ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ပညာသာမိအား ဖူးမြှော်ကြည်ညိုခဲ့ပါသည်။ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးအား  သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဦးမြို့ အံတော်သိမ် ပုထိုးတော်ကြီး၊ ဓမ္မသာလဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပ ပြုလုပ်သည့် အနဂ္ဃရတနာမြေ – မြောက်ဦး  ဓာတ်ပုံပြပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ ပါသည်။

ဓာတ်ပုံပြပွဲအခမ်းအနားဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာ၌ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပါကြောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများကို ၂၀၁၄ ခုတွင်လည်းကောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၉ ခုတွင်လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ ရပြီး ဖြစ်ကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အဆိုပြုစာတွဲအပြည့်အစုံ(Nomination Dossier Complete) ကို ကမ္ဘာ့အမွေအနှစ်ကော်မတီ (Word Heridage Center)သို့ အချိန်မီပေးပို့ထားခဲ့ပြီး ဖြစ်ကြောင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး တင်သွင်းစဉ်က နှလုံးသားထဲက ပုဂံဓာတ်ပုံအဖွဲ့က ယခုလို ပြပွဲကျင်းပခဲ့သည့် အပြင် ပုဂံ၊ ပဲခူး၊ ရန်ကုန်၊ မုံရွာ၊ မန္တလေးတို့တွင် ဓာတ်ပုံ ပြပွဲများ ကျင်းပခဲ့ပြီး ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံကျင်းပချိန်တွင် အမျိုးသားရေး စိတ်ဓာတ်နှင့် ၎င်းတို့ကိုယ်တိုင် စရိတ်ကျခံပြီး ညီလာခံကျင်းပသည့် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့သို့ တက်ရောက်ခဲ့ကြပြီး ဝိုင်းဝန်းခဲ့ကြကြောင်း၊ ပထမဆုံးအကြိမ်အဖြစ် အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံပြပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး ဆက်လက်၍ စစ်တွေ၊ သံတွဲ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပုဂံမြို့တို့တွင် ဆောင်ရွက်ရန် လျာထားသည်ဟု သိရပါကြောင်း၊ အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံပြပွဲတွင် မြောက်ဦးဒေသခံ ဓာတ်ပုံပညာရှင်များက ဓာတ်ပုံ (၁၂၀)ကို ခင်းကျင်းပြသသွားမည်ဟု  သိရှိရသည့်အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊ ဘိုးဘွားလက်ထက်က တည်ဆောက်ထားခဲ့သည့် အလွန်တန်ဖိုးရှိသည့် ယဉ်ကျေးမှု အမွေအနှစ်များကို ယနေ့မိမိတို့ လက်ထက်တွင် အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ပြီး နောင်မျိုးဆက်သစ်များကို လက်ဆင့်ကမ်း အမွေပေးနိုင်ရန် ရည်ရွယ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း အားဖြင့် မြောက်ဦးမြို့သာမက ရခိုင်ပြည်နယ်ရှိ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများပါ တစ်ဆက်တည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်းများ ပိုမို အားကောင်း တိုးတက်လာမည် မလွဲဧကန် ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆက်စပ် ဝန်ကြီးဌာနများ အနေနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးက မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်အား ကမ္ဘာ့အမွေအနှစ်အဖြစ် ဂုဏ်ယူနိုင်ရေးအတွက် အကြိုလှုပ်ရှားမှု အဖြစ်  မြောက်ဦးဒေသ၏ လူနေမှုဘဝများအား ဓာတ်ပုံပညာဖြင့် ပြည်သူများအား ထုတ်ဖော်ပြသနိုင်ရန်အတွက် အနဂ္ဃရတနာမြေ မြောက်ဦး ဓာတ်ပုံပြပွဲ ခင်းကျင်းပြသရခြင်း ဖြစ်ကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီ ပုထိုးများ၏ ခမ်းနားထည်ဝါမှုနှင့် အနုပညာလက်ရာများ၊ ရှုခင်းများ၊ လူနေမှုဘဝများ၊ ပွဲတော်များ နှင့် မြောက်ဦးဒေသအလေ့အထများကို ရိုက်ကူးပုံဖော်ထားသော ဓာတ်ပုံများကိုပြသမည်ကို သိရှိရသဖြင့် ဂုဏ်ယူပါကြောင်း၊ မိမိတို့အားလုံးသည် အမွေအနှစ်ကို ချစ်မြတ်နိုးသောစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးကို မြောက်ဦးမြို့နယ်နေပြည်သူ အားလုံးက သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့အား ဓါတ်ပုံပညာရှင်များအဖွဲ့က အမှတ်တရဓါတ်ပုံလက်ဆောင်များ ပေးအပ်ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဓါတ်ပုံပညာရှင်များအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနဂ္ဃရတနာမြေ – မြောက်ဦး ဓာတ်ပုံ ပြပွဲတွင် ပြသထားသောဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ပြီးနောက်  အံတော်သိမ်ဘုရားသို့ ဝင်ရောက်ဖူးမြှော် လေ့လာခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချိန်ကိုက်ပိဋကတ်တိုက်နှင့် လောင်ပွန်းပြောက်စေတီများသို့သွားရောက်ဖူးမြှော်ကြည့်ရှုခဲ့ပြီး ရှားပါးအနုပညာလက်ရာများကို သဘာဝနှင့်လူတို့ပယောဂကြောင့် မပျောက်ပျက် မဆုံးရှုံးအောင် စနစ်တကျ ကာကွယ်ထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။

 ပြည်ထောင်စုဝန်ကြီးသည် အေဒီ ၁၄၃၀တွင် ဘုရင်မင်းစောမွန် စတင်တည်ဆောက်ခဲ့ပြီး အေဒီ ၁၅၃၁တွင် ဘုရင်မင်းဗာကြီး ထပ်မံမွမ်းမံတည်ထားခဲ့သော မြောက်ဦးနန်းတော်ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး သဲကျောက်တုံးများကို ထုဆစ်၍ တံတိုင်းသုံးဆင့်ဖြင့် တည်ဆောက် ထားသည့် ဤမြောက်ဦးနန်းတော်သည် ဗိသုကာနှင့် တည်ဆောက်ပုံ အလွန်ထူးခြားပြီး ကြွင်းကျန်မှု များအား မပျက်စီးစေရန်အတွက် ထိန်းသိမ်းရန်၊ သုတေသနလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန်၊ ခိုင်မာသည့် အထောက်အထားများ ရရှိရေးအတွက် တူးဖော်တွေ့ရှိချက်များကို သမိုင်းမှတ်တမ်း များနှင့်ကိုက်ညီရန် မြန်မာ့သမိုင်းအဖွဲ့ပညာရှင်များကိုပါ ဖိတ်ကြား၍ ဖော်ထုတ်ပြုစုရန်နှင့် လေ့လာသူများ သိရှိနိုင်ရန် ရှင်းလင်းချက်များဖြင့် ပြသသွားရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ မြောက်ဦးရှေး‌ဟောင်းသုတေသနပြတိုက် ခင်းကျင်းထားမှုကို ကြည့်ရှုကာ မြောက်ဦး၏ ရေမြေ သဘာဝ အခင်းအကျင်းကို ဖော်ပြနိုင်သည့် ရုပ်ကြွမြေပုံကို ပြန်လည်ပြုပြင်ခင်းကျင်းပြသရန်၊ ပြည်သူလူထုသိရှိနားလည်အောင် ရှင်းလင်းချက်စာသားများ ပြည့်ပြည့်စုံစုံရေးသားပြသရန် မှာကြား ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်၊ လောကနန္ဒာ ဘုရား  လှည့်လည်ဖူးမြှော်ပြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့သို့ အလှူငွေ ကျပ်ငါးသိန်း (၅၀၀၀၀ဝိ)ကိုလှူဒါန်းခဲ့ကာ စစ်တွေဗုဒ္ဓပြတိုက်သို့လှည့်လည်ကြည့်ရှုခဲ့နောက် အေဒီ – ၅၂၀က သွန်းလုပ်ခဲ့သော စင်္ကြာမုနိ ရုပ်ပွားတော်မြတ်ကြီးအား အလှူငွေ ကျပ်ငါးသိန်း (၅၀၀၀၀ဝိ)ကိုလှူဒါန်းခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။