ရုံးလုပ်ငန်းဆိုင်ရာ ဌာနတွင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

           “ရုံးလုပ်ငန်းဆိုင်ရာ ဌာနတွင်းသင်တန်း”  ဖွင့်ပွဲအခမ်းအနားကို ၁၈-၄-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ၊ ဌာနမှူး (ဂီတ၊ သဘင်၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်)၊ ခေတ္တဌာနမှူး (စာပေ၊ ပန်းချီ)နှင့် သင်တန်းသား၊ သင်တန်းသူ (၁၉) ဦးတက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင်  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ စီမံရေးရာ ဌာနနှင့် သင်တန်းရေးရာဌာနများတွင် တာဝန်ပေးအပ်ခြင်းခံရသော ဝန်ထမ်းသစ်များအား  နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ ရုံးလုပ်ငန်းလက်စွဲတို့ကို သိရှိနားလည်စေရန်၊ ရုံးလုပ်ငန်း များဆောင်ရွက်ရာတွင်  နိုင်ငံ့တာ၀န်ကို အရည်အသွေးပြည့်၀စွာ  ထမ်းဆောင်နိုင်သည့် ယုံကြည်စိတ်ချရသော စီမံရေးရာနှင့် သင်တန်းရေးရာဌာန ၀န်ထမ်း များအဖြစ် တာဝန်ပေးအပ်နိုင်စေရန်၊ ထူးချွန်သည့် မျိုးဆက်သစ် ဝန်ထမ်းကောင်းများ ဖြစ်နိုင်စေရန်ရည်ရွယ်၍ “ရုံးလုပ်ငန်းဆိုင်ရာဌာနတွင်းသင်တန်း”ကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသည့် ဤတက္ကသိုလ်ရှိ ဌာနများအားလုံး၏ ဆောင်ရွက်နေမှုအခြေအနေကို သိရှိနိုင်ရန်၊ ယခုသင်တန်းတွင် ဌာနဆိုင်ရာရုံးလုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရန် စသည့်အကြောင်းအရာများကို  ပို့ချသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ သင်ကြားပို့ချပေးသည့် အကြောင်းအရာများကို အခြေခံ၍ မိမိတို့၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရင်း လေ့လာဆည်းပူးခြင်းဖြင် တာဝန်ကျေပွန် အောင် ဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများဖြစ်သည့်အတွက် ကိုယ်အမူအရာ၊ နှုတ်အမူအရာ လိမ္မာယဉ်ကျေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက်  “ရုံးလုပ်ငန်းဆိုင်ရာ ဌာနတွင်းသင်တန်း” ကို ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သက်ဆိုင်ရာဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ ဒုတိယဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနခွဲမှူး(ဘဏ္ဍာ)၊ ဦးစီးအရာရှိ(စီမံ)တို့က ၁၈-၄-၂၀၂၂ ရက်နေ့မှ ၂၂-၄-၂၀၂၂ ရက်နေ့အထိ  နေ့စဉ် နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ သင်တန်းကာလ (၅)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။