နိုင်ငံ့ဝန်ထမ်းဆိုင်ရာသိနားလည်မှုနှင့် သင်ကြားရေးဆိုင်ရာနည်းစနစ်များပို့ချမှု သင်တန်းဖွင့်ပွဲအခမ်းအနား

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ “နိုင်ငံ့ဝန်ထမ်းဆိုင်ရာသိနားလည်မှု နှင့် သင်ကြားရေးဆိုင်ရာနည်းစနစ်များပို့ချမှု (Onboarding Pedagogical Training)” သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၅-၄-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ပါမောက္ခ/ဌာနမှူး (ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်)၊ ခေတ္တဌာနမှူး(စာပေ၊ပန်းချီ)၊ တွဲဖက်ပါမောက္ခ(ဂီတ၊သဘင်)နှင့် သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဒေါ်ဌေးဌေးဆွေက အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာန၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စွမ်းဆောင်ရည်မြင့်သင်တန်းများပို့ချရန် ဌာနပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှုပြုခဲ့ရာ  “ရုံးလုပ်ငန်းဆိုင်ရာဌာနတွင်းသင်တန်း”ကို ဖွင့်လှစ် ပြီးဖြစ်ပါကြောင်း ယခုသင်တန်းသည် “နိုင်ငံ့ဝန်ထမ်းဆိုင်ရာသိနားလည်မှုနှင့်သင်ကြားရေးဆိုင်ရာ နည်းစနစ်များပို့ချမှု (Onboarding Pedagogical Training)” သင်တန်းဖြစ်ပါကြောင်း၊ သင်ကြားရေးပိုင်းဆိုင်ရာ ဆရာ၊ ဆရာမများ၏ ရှေ့ဆက်သွားရမည့်  Career Path အတွက် ရှိပြီးသား အရည်အသွေးများကို ပိုမိုမြင့်မားစေရန်နှင့် မရှိသေးသည့် အရည်အသွေးများကိုရရှိစေရန် ရည်ရွယ်ပါကြောင်း၊ စီမံရေးဌာနမှလည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ ရုံးလုပ်ငန်းလက်စွဲများကို သိရှိနိုင်ရန် ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများဖြစ်သည့် အတွက် သင်ကြားရေးကိစ္စများသာမက  စီမံရေးရာကိစ္စရပ်များကိုလည်း သိရှိထားရန်လိုအပ်ပါ ကြောင်း၊ မိမိတို့ ရှေ့ဆက်လျှောက်လှမ်းရမည့်အနာဂတ်၌ အဖက်ဖက်မှ ကျွမ်းကျင်ပြည့်စုံသည့်   ပညာရှိ ဆရာ၊ ဆရာမများဖြစ်ရန်အတွက် ရည်ရွယ်ပြီး သင်တန်းပို့ချခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်လာပြီဆိုပါက နိုင်ငံ့ဝန်ထမ်းတစ်ယောက်သိရှိရမည့် ကိစ္စရပ်များကို သိရှိထားရမည်ဖြစ်ပါကြောင်း၊ ယခုသင်ကြားပေးမည့် ဆရာကြီး၊ ဆရာမကြီးများ၏ ဆွေးနွေးပို့ချမှုများကို မိမိတို့ဖက်ကလည်း ပြန်လည်အသုံးချသည့်အနေဖြင့် ယခုသင်တန်း၌ သင်ယူခဲ့သည်များကို သင်တန်းဆင်းမည့်နေ့၌ အုပ်စု(၅)စုဖွဲ့၍ အုပ်စုတစ်စုလျှင် (၃)ဦးနှုန်းဖြင့် Presentation များပြုစု၍ ပြန်လည်တင်ပြသွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ နည်းစနစ်သည်လည်း သင်ကြားရေး နည်းစနစ်အသစ်ဖြစ်ပါကြောင်း၊ မိမိရောက်ရှိသည့်နေရာ၌ ကြိုးစားသင်ယူပြီး တက္ကသိုလ်၏ ဂုဏ်သိက္ခာကိုမြှင့်တင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊  ဝန်ထမ်းတိုင်း ထားရှိရမည့် တာဝန်၊ ဝတ္တရား များကိုပါ သိရှိလိုက်နာစေလိုပါကြောင်း၊ မိမိတာဝန်ယူရသည့်အလုပ်အပေါ် ရိုးသားကြရန်၊ ကြိုးစားကြရန်နှင့်တာဝန်ကျေကြရန် အထူးအလေးပြု တိုက်တွန်းလိုပါကြောင်း  ပြောကြားခဲ့ပါသည်။

           “နိုင်ငံ့ဝန်ထမ်းဆိုင်ရာသိနားလည်မှုနှင့် သင်ကြားရေးဆိုင်ရာနည်းစနစ်များပို့ချမှု (Onboarding Pedagogical Training)”သင်တန်းကို ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ သက်ဆိုင်ရာ ဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူးများက ၂၅-၄-၂၀၂၂ ရက်နေ့မှ ၂၉-၄-၂၀၂၂ ရက်နေ့ထိ နေ့စဉ် နံနက် ၁၀:၀၀ နာရီမှ နေ့လယ် ၃:၀၀ နာရီထိ သင်တန်းကာလ (၅) ရက် ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။