ပြည်ထောင်စုဝန်ကြီး ဦးကိုကို “အနုသုခုမဆိုင်ရာ စာတမ်း” ဖတ်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ “အနုသုခုမဆိုင်ရာ စာတမ်းဖတ်ပွဲ-၁/၂၀၂၂ ” ကို ၃.၅.၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီက နေပြည်တော်၊ ရုံးအမှတ် ၃၅ ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန “ယဉ်ကျေးမှုရတနာ” ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်နန္ဒာမွှန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ကြမည့် ပညာရှင်ကြီးများ၊ စာတမ်းရှင်များနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်း သုတေသီများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ယဉ်ကျေးမှုအခန်းကဏ္ဍတွင် သုတေသနကို အခြေပြုသည့် “ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန”၊ ”သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန”ဟူ၍ ဦးစီးဌာန နှစ်ခုရှိသည့်အပြင် အနုသုခုမဆိုင်ရာ ပညာရပ်များကို သုတေသနပြု လေ့ကျင့်ဖန်တီးကာ တင်ဆက်ပြသမှုများ ဆောင်ရွက်လျက်ရှိသည့် အနုပညာ ဦးစီးဌာနတို့ပါရှိကြပါသည်။

သုတေသနဟူသော စကားရပ်ကို အင်္ဂလိပ်စာဝေါဟာရတွင် Research ဟု သုံးနှုန်း ပါသည်။ အတည့်ကောက်ယူလျှင် ထပ်ခါထပ်ခါ စဉ်ဆက်မပြတ် ရှာဖွေနေခြင်းပင် ဖြစ်ပါသည်။ မြန်မာစာ အဘိဓာန်တွင်လည်း “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ် သိရှိရန် စူးစမ်းရှာဖွေခြင်း”ဟု ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် သုတေသနလုပ်ငန်းဆိုသည်မှာ အကြောင်းအရာများစွာကို ခြေခြေ မြစ်မြစ် သိရှိနိုင်စေရန် စဉ်ဆက်မပြတ် စူးစမ်းရှာဖွေနေရမည့်လုပ်ငန်း တစ်ရပ် ဖြစ်ပါသည်။

အင်းဝခေတ်သက္ကရာဇ် ၈၃၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သည့် စာဆိုအကျော် အရှင်မဟာ ရဋ္ဌသာရက “သုစိပုဘာ၊ ဝိလိသိဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်း ဆင်လော့”ဟူ၍ ပျိုရွယ်သော စာသင်သားတို့ကို လမ်းညွှန်ပြသတော်မူခဲ့ပါသည်။ ပျိုရွယ်သော စာသင်သားတို့အတွက်သာမက၊ ဘဝတစ်သက်တာ သင်ကြားနာယူခြင်းဖြင့် မိမိအကျိုးသာမက မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံအကျိုးကို သယ်ပိုးရွက်ဆောင်နေကြရသည့် မျက်မှောက် ခေတ်လူသားများအတွက်လည်း တစ်သက်တာ လမ်းညွှန်စာ ဖြစ်ပါသည်။

အနုသုခုမဆိုင်ရာ စာတမ်း (၅)စောင်ဖတ်ကြားရာတွင် အဆို၊အက၊ တေးသီချင်းများနှင့် သက်ဆိုင်သည့် တင်ဆက်ကပြမှုဆိုင်ရာ စာတမ်းများကိုသာမက ထိုတင်ဆက်ပြသမှုများကို အထောက်အကူပြု ပံ့ပိုးသည့် အနုပညာရပ်များ၊ အတတ်ပညာရပ်များ၏ အခန်းကဏ္ဍများကိုပါ စာတမ်းများအဖြစ် ထည့်သွင်းဖတ်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စာတမ်းဖတ်ပွဲကို ကျင်းပရာ နံနက်ပိုင်းအစီအစဉ်အဖြစ် အမျိုးသား ယဉ်ကျေးမှုအနုပညာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခ(ငြိမ်း) ဦးစုအောင် က “ကဗျာရေးထုံးများ မှတစ်ဆင့် ဖြစ်တည်လာသော ဇာတ်စာ၊ ဇာတ်စကားများ” စာတမ်းကိုလည်းကောင်း၊ စာတမ်းရှင် ဒုတိယညွှန်ကြားရေးမှူး  ဦးသက်ဆွေက “ဇာတ်ခုံ၊ ဇာတ်ရုံများနှင့် အနုပညာဗဟိုဌာနတို့အား လေ့လာတင်ပြခြင်း” စာတမ်းကိုလည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။

မွန်းလွဲပိုင်း စာတမ်းဖတ်ပွဲအဖြစ် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေး အဖွဲ့ဝင် သဒ္ဓမ္မဇောတိကဓဇ ဦးရန်နိုင်သိန်းက “မြန်မာ့ ပြက္ခဒိန်သမိုင်းစဉ်” စာတမ်းကို လည်းကောင်း၊ သုတေသနလက်ထောက်-၂ ဦးတင်လတ်ယုက “မြန်မာ့သဘင် ဖျော်ဖြေတင်ဆက် ရာတွင် မင်းသား၊မင်းသမီးများ မှော်ဇာ(သို့)ခြေအိတ် စတင်ဝတ်ဆင်လာခြင်းဓလေ့အား လေ့လာချက်” စာတမ်းနှင့် ဦးစီးအရာရှိ ဦးစိန်ကုလား(ခ) ဦးအောင်ဝမ်းတူး က “မြန်မာ့ရိုးရာ ဆိုင်းပညာရပ်” စာတမ်းတို့ကို ဖတ်ကြားခဲ့ကြပါသည်။ စာတမ်းများ ဖတ်ကြားအပြီးတွင် စာတမ်း ဖတ်ပွဲသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

စာတမ်းဖတ်ပွဲအပြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သဘာပတိများနှင့် စာတမ်းရှင်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်း၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။