သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် မူဝါဒချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် နေပြည်တော်၊ ၆-၅-၂၀၂၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကဘာသာရပ်များကို ထည့်သွင်းသင်ကြားနိုင်ရေး  သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင်မူဝါဒချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ (၆-၅-၂၀၂၂)ရက်နေ့(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့မှ ပါမောက္ခချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က Video Conference စနစ်ဖြင့် တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က အဖွင့်အမှာစကားပြောကြားရာတွင် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များတွင် တိုင်းရင်း သားတို့၏ ရိုးရာဂီတနှင့်အကဘာသာရပ်များကို ထည့်သွင်းသင်ကြားနိုင်ရေး  သင်ရိုးညွှန်းတမ်းရေးဆွဲ ရာတွင် ဝန်ကြီးဌာနမှ မူဝါဒမှတ်ပေးရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးဦးတည်ချက်များမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထောက်အကူပြုစေ ရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များတွင် လက်ရှိ တိုင်းရင်းသားအကဘာသာရပ်ကို သင်ကြားပေးနေသော်လည်း သင်ကြားသည့်နည်းပြများမှာ တိုင်းရင်းသားစစ်စစ်များမဟုတ်သည့်အပြင် ပြည်ထောင်စုနေ့တွင်ကပြသည့် တိုင်းရင်းသားအကများ ကို အတုယူပြီး ပြန်လည်သင်ကြားပေးသည့်အတွက် လိုအပ်ချက်များရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဗမာတိုင်းရင်းသားမပါဝင်သော တိုင်းရင်းသားလူမျိုး(၇)မျိုးတို့၏ ရိုးရာဂီတနှင့်အကဘာသာရပ်များ ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့တွင် သက်ဆိုင်ရာ တိုင်းရင်းသားနည်းပြများက အနှစ်သာရပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသား(၇)မျိုးအနက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသား(၃)မျိုးတို့၏ ရိုးရာဂီတနှင့်အကဘာသာရပ်များကိုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)တွင် ကချင်၊ ကယား၊ ချင်း၊ ရှမ်း တိုင်းရင်းသား(၄)မျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကိုလည်းကောင်း သင်ကြားပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများတွင်လည်း တိုင်းရင်းသားမျိုးနွယ်စုခွဲများ များပြားစွာရှိသည့်အတွက် အကအားလုံးကို ထည့်သွင်း သင်ကြားပေးရန် အဆင်မပြေနိုင်ပါကြောင်း၊ ထို့ကြောင့် သင်ကြားပေးရမည့် တိုင်းရင်းသားရိုးရာဂီတ နှင့် အကတို့ကို အတည်ပြုသတ်မှတ်နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် မူဝါဒချမှတ်ပေးရန် လိုအပ်သည့် အတွက် ယခုအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တက်ရောက်လာကြသူများက အမျိုးသားယဉ်ကျေိးမှုနှင့်အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အက ဘာသာရပ်များကို ထည့်သွင်းသင်ကြားနိုင်ရေးအတွက်  သင်ရိုးညွှန်းတမ်းရေးဆွဲရန်ကိစ္စကို ဝိုင်းဝန်း ဆွေးနွေးကြပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ယခုအစီအစဉ်သည် တိုင်းရင်း သားတို့၏ ရိုးရာဂီတနှင့်အကကို မည်သူမဆို(မည်သည့်တိုင်းရင်းသားမဆို) သင်ယူနိုင်စေရန်အတွက်  ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားအက တစ်ခုချင်းစီ၏ သမိုင်းကြောင်း၊ ဖြစ်ပေါ်လာပုံ၊ ကပြသည့်အချိန်၊ အကနှင့်လိုက်ဖက်ညီမည့်ဝတ်စုံနှင့် တိုင်းရင်းသားရိုးရာတူရိယာများအကြောင်း တို့ကို Lecture အနေဖြင့်လည်း သင်ကြားပေးရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားအက ကပြချိန်တွင် လည်း သက်ဆိုင်ရာတိုင်းရင်းသားတူရိယာပစ္စည်းများဖြင့်သာ ပံ့ပိုးတီးမှုတ်သင့်ပါသဖြင့်  သက်ဆိုင်ရာ အတီးအမှုတ်ပညာရှင်များ ခန့်ထားရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အဓိက သင်ကြားပေးရမည့် တိုင်းရင်းသားရိုးရာအကများအနေဖြင့် အောက်ဖော်ပြပါအကများကို အဓိကထား သင်ကြားပေးနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်-

(က) ပြည်နယ်အကအဖြစ် သက်ဆိုင်ရာတိုင်းရင်းသားအားလုံးက အသိအမှတ်ပြုလက်ခံ ထားသောအကများ( ဥပမာ- ကချင်တိုင်းရင်းသားတို့အတွက် မနောအက၊ ကရင် တိုင်းရင်းသားတို့အတွက် ကရင်ဒုံးအက)၊

(ခ) ပြည်ထောင်စုနေ့အခမ်းအနားတွင် အစဉ်အဆက် ကပြလေ့ရှိသော ထင်ရှား ကျော်ကြားသည့်အကများ၊

(ဂ) သက်ဆိုင်ရာပြည်နယ်အလိုက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က အကြံပြု သောအကများ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ယူသည့်ကာလ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး) တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားကျွမ်းကျင်ပညာရှင်များကိုယ်တိုင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များ၌ သင်ကြားပို့ချနိုင်ရန်အတွက်  စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ တိုင်းရင်းသားတို့၏  ရိုးရာဂီတနှင့် အကဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ခန့်ထားရန် အတွက် ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း တင်ပြခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲ ပြဋ္ဌာန်းပြီးပါက တိုင်းရင်းသားရိုးရာဂီတနှင့်အကနည်းပြများ ခန့်အပ်ရေး ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။