၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်အဆင့် စည်းကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၁၂.၅.၂၀၂၂ ရက်နေ့၌ နေပြည်တော်ရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ (၂၃) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်ကြီးများ တက် ရောက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြော ကြားရာတွင် ယနေ့သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုသဘင် ဂီတကို ထိန်းသိမ်း စောင့်ရှောက်လိုသော ပညာရှင်များ၊ ဝါသနာရှင်များနှင့် ပြည်သူအများ မျှော်လင့်တောင့်တခဲ့ရသောနေ့ ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှ စတင်၍ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်မှ စတင်၍ ထိုစဉ်က အစိုးရသည် အဆို-အက-အရေး-အတီးပြိုင်ပွဲကြီးကို ကျင်းပခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့ရာ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို-အက-အရေး-အတီးပြိုင်ပွဲကြီး ကျင်းပရန် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါ ကြောင်း၊ လူမှုရေးဦးတည်ချက်ဖြစ်သော “ တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်” အခွင့် အလမ်းသာခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို-အက-အရေး-အတီးပြိုင်ပွဲနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ပြီး “မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပရန်” ခွင့်ပြုခဲ့ပါ ကြောင်း၊ ပြိုင်ပွဲများတွင် တရားမျှတမှုရှိအောင် ကြိုတင်စီမံ ဆောင်ရွက် ထားရှိရန်” လိုကြောင်း၊ ဆို က ရေး တီး ပြိုင်ပွဲကို ငါးနှစ်တာမျှ ကြာမြင့်မှ ပြန်လည်ကျင်းပရခြင်း ဖြစ်သော်လည်း ပြိုင်ပွဲနေရာ သတ်မှတ်ခြင်းကလွဲ၍ ကျန်သော ပြိုင်ပွဲအဆင့်၊ ပြိုင်ပွဲဝင် ဘာသာရပ် စသည်တို့မှာ များစွာပြောင်းလဲ မှု မရှိပါကြောင်း၊ ပြိုင်ပွဲနေရာများကို ယခင် ပြုလုပ်နေကျ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှာ မပြုလုပ်ဘဲ MICC-2၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှုရတနာခန်းမနှင့် လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော်မြို့တော်ခန်းမ လေဟာပြင် ဇာတ်ရုံ စသည့် နေရာသစ်များသို့ ပြောင်းရွှေ့ထားပါကြောင်း၊ ပြိုင်ပွဲကျင်းပမည့်ရက်ကို အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်ရက်များမှာ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကိုရှင်းလင်း တင်ပြပါ သည်။
ထို့နောက်တက်ရောက်လာကြသော ဆပ်ကော်မတီများမှ တာဝန်ရှိ သူများ အကဲဖြတ် ပညာရှင်များက မိမိတို့တာဝန်ယူကြသည့် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုတို့ကို တင်ပြဆွေးနွေးကြပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များက Video Conferencing ဖြင့် ဆွေးနွေးတင်ပြကြပြီးနောက် တက်ရောက်လာကြသူ များက အထွေထွေဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က တင်ပြချက်များအပေါ် ပြန်လည်၍ သုံးသပ် ဆွေးနွေးရာတွင် အဆို-အက-အရေး-အတီး ပြိုင်ပွဲကြီး ကျင်းပခြင်းဖြင့် တိုင်း ဒေသကြီးနှင့်ပြည်နယ်များမှ ရွက်ပုန်းသီးမျိုးဆက်သစ် လူငယ်အနုပညာရှင် များကို ဖော်ထုတ်မြှင့်တင်ပေးနိုင်ရန်၊ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များ သည် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်သည့် ရှုထောင့်မှ ယှဉ်ပြိုင်အကဲဖြတ်သွားကြရန်နှင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့်လည်း ဘဏ္ဍာငွေကြေး သုံးစွဲမှုများအတွက် လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီမှ တင်ပြထားသော သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ကြရန် ထည့်သွင်းပြောကြားခဲ့ပါသည်။ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း နေပြည်တော်၌ နိုင်ငံတော် အဆင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ထည့်သွင်း ကျင်းပမည့် တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာ အကကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အဖွဲ့လိုက်ကပြ ယှဉ်ပြိုင်သွား ကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။