အင်္ဂလိပ်-မြန်မာ/ မြန်မာ-အင်္ဂလိပ်သို့ ဘာသာပြန်နည်းစနစ်များပို့ချမှုသင်တန်းဖွင့်ပွဲ

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊“အင်္ဂလိပ်-မြန်မာ/မြန်မာ-အင်္ဂလိပ်သို့ ဘာသာပြန်နည်းစနစ်များ ပို့ချမှုသင်တန်း” ဖွွင့်ပွဲအခမ်းအနားကို ၂-၅-၂၀၂၂ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်ရှိ AA-202 စာသင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ စာကြည့်တိုက်မှူး၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်းများနှင့် သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါသင်တန်းသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပထမဆုံး အကြိမ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး ဘာသာပြန်နည်းစနစ်များ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်း ဖြင့် ဝေါဟာရသစ်၊ အတွေးအခေါ်သစ်များ တိုးတက်လာစေခြင်းဖြင့်  မိမိဖန်တီးထုတ်လုပ်လိုက်သော အနုပညာရပ်အသီးသီးကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခြင်း၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ဘာသာပြန်ဆိုနိုင်မည့် ဆရာ၊ ဆရာမများအဖြစ်  ဘာသာရပ်ဆိုင်ရာလုပ်ငန်းများတွင် တာဝန်ပေးအပ် နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

          အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ(၁၅)ဦး တက်ရောက်လျက်ရှိပြီး  သင်တန်း ကာလ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။