“အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနား”ကျင်းပ နေပြည်တော် မေလ ၁၈ ရက်

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)၊ Mini Theatre ၌ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါက်တာမိုးဇော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာပြတိုက်များ ကောင်စီ သည် ၁၉၇၇ခုနှစ်၌စတင်၍ မေလ ( ၁၈ ) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ပြတိုက် များနေ့”  (International Museum Day) အဖြစ် သတ်မှတ်ကာ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပ ပြုလုပ်ခဲ့ကြရာ ယခုနှစ်၂၀၂၂ခုနှစ်တွင်( ၄၅ )နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ International Council of Museums (ICOM)ကို ၁၉၄၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ အဖွဲ့ဝင်အဖြစ် ဝင်ရောက် ပြီးနောက် ၂၀၁၇ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို ကျင်းပပြုလုပ်ခဲ့သည့်အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များတွင်လည်း အပြည်ပြည်ဆိုင်ရာပြတိုက်များ နေ့တွင် ပြတိုက်လာ ဧည့်သည် များကို ပြတိုက်ဝင်ကြေး အခမဲ့ပေးခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း၊   အထူးပြပွဲများ ကျင်းပပြုလုပ်ခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသဖြင့် ပြုလုပ်လေ့ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစတင်၍ တစ်ကမ္ဘာလုံး ကိုဗစ်−၁၉ ကပ်ရောဂါ ဖြစ်ပွားမှု ကြောင့်  အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို အင်တာနက် အွန်လိုင်းများကိုသာ အသုံးပြုကာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့၏ ဆောင်ပုဒ်အဖြစ် ပြတိုက်များ၏စွမ်းအားကို အသိအမှတ်ပြုသည့် အနေဖြင့်  The Power of Museums “လူ့ဘောင် လောကတိုးတက်ဖို့၊ ပြတိုက်စွမ်းအားဖြင့်မြှင့်တင်စို့”ဟု သတ်မှတ်ထားကြောင်း၊ လူ့ဘောင် လောကကြီး တစ်ခုလုံး သာယာလှပစေရန်နှင့် တိုးတက်မှုများ ရရှိစေရန်အတွက်သာမက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင်ပါဝင်သည့် လူမှုရေးဦးတည်ချက် ၃ ရပ်အနက် ဒုတိယအချက်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်း တို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် အချက်ကို ပြတိုက်များ၏စွမ်းအားဖြင့်

အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌ ပြတိုက်ပညာရှင်များနှင့် ပြတိုက်ဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် က  အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ စာတမ်းဖတ်ပွဲအား ဆက်လက်ပြုလုပ်ရာ စာတမ်းရှင် ရှေး‌ဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (နေပြည်တော်) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကလျာချောစုက “ သမားရိုးကျပြတိုက်နှင့် ဒေသသဘာဝအခြေခံ ပြတိုက် များအား ရှုမြင်လေ့လာ သုံးသပ်ခြင်း ” စာတမ်း၊  ဦးစီးအရာရှိ ဒေါ်အိဇင်သူ က “ Museum Inter- pretation” စာတမ်းနှင့် ဦးစီးအရာရှိ ဒေါ်မှူးစန္ဒြာခင် က “ ပြတိုက်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ” စာတမ်း စုစုပေါင်း( ၃ ) စောင်ကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် ဦးရဲမြတ်အောင်၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းချက်များအပေါ် စာတမ်းရှင်များက ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါက်တာမိုးဇော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး သဘာပတိနှင့်စာတမ်းရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

          ယနေ့ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်တို့မှ တာဝန်ရှိသူများ၊ အမျိုးသားပြတိုက် (နေပြည်တော်)မှ အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ပြတိုက်များ အားလုံးနှင့် အခြားသော ICOM Myanmar အဖွဲ့ဝင်ပြတိုက်များကလည်း အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။