သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရွှေမြန်မာအငြိမ့်-၃ ဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေး နေပြည်တော်၊ မေ ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမှတ် ၂ တပ်မတော်- ရုပ်မြင်သံကြားထုတ်လုပ်ရေးတပ်မှ တပ်မှူးနှင့်အရာရှိများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀၀၀ နာရီက နေပြည်တော်၊ ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံတွင် ဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက်လျက်ရှိသော ရွှေမြန်မာအငြိမ့်-၃၏ တင်ဆက်မှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။

              သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များဖြစ်သော ဇာတ်တော်ကြီး ဖျော်ဖြေတင်ဆက်ခြင်း၊ အငြိမ့်ဖျော်ဖြေ တင်ဆက်ခြင်း၊ ယိမ်းနှင့် ပဒေသာအက ဖျော်ဖြေတင်ဆက်ခြင်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာနဖြင့် ပူးပေါင်း၍ ရိုက်ကူးတင်ဆက်လျက်ရှိပါသည်။ ယခုလေ့ကျင့် ဇာတ်တိုက်လျက်ရှိသော ရွှေမြန်မာအငြိမ့်အမှတ်-၃ အစီအစဉ်သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၌ နေပြည်တော်တွင် ခန်းနားစွာ ကျင်းပပြုလုပ်မည့် “(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး”အတွက် ကြိုဆိုဂုဏ်ပြု လှုံ့ဆော်ရေးအဖြစ် ရုပ်မြင်သံကြားအစီအစဉ်များမှ ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရန် လေ့ကျင့် ဇာတ်တိုက်နေခြင်းဖြစ်သည်။

              လေ့ကျင့်ဇာတ်တိုက်မှုအပြီးအတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ တာဝန် များကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ လွှဲပြောင်းတာဝန်ယူခဲ့ရာတွင် ဌာနအနေဖြင့် ဝန်ထမ်းအချို့၏ စွန့်ခွာမှုများကို ကြုံတွေ့ခဲ့ရပါကြောင်း၊ သို့ရာတွင် ရှိသည့်ဝန်ထမ်း အင်အားများကို စုစည်း၍ ဌာန၏ အနုသုခုမဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းတစ်ဦးလျှင် အနုသုခုမပညာရပ်ဆိုင်ရာ အဆို၊ အတီး၊ အကနှင့် ရုပ်သေးကြိုးဆွဲပညာရပ်များကို တစ်ခုထက်မက ကျွမ်းကျင် တတ်မြောက်နေစေရန်လည်း အားပေးမြှင့်တင်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာ သဘင်မှုအနုသုခုမပညာရပ်များ စဉ်ဆက်မပြတ် ရှင်သန်နေစေရန်အတွက် မျိုးဆက်သစ် များကို အဆင့်ဆင့်မွေးထုတ်၍ ယခုကဲ့သို့ နေရာပေး ဖော်ထုတ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရွှေမြန်မာအငြိမ့်အဖွဲ့သားများအား ဂုဏ်ပြု ဆုငွေကျပ်ငါးသိန်းကို  ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ရွှေမြန်မာအငြိမ့်အမှတ်- ၃တွင် ခေါင်းဆောင် မင်းသမီး ဇာနည်အောင်၊ ရှေ့ထွက်မင်းသမီး ဝေဖူးငယ်နှင့် လူရွှင်တော်များဖြစ်ကြသော ဝမ်းတူး၊ လမုန့်၊ ကုလားမ၊ ပြည်ချစ်တို့ပါဝင်ကြပြီး တေးသီချင်းများကို ဂီတဝိဇ္ဇာ အောင်ဝမ်းတူးက ရေးစပ်၍ ရွာစား နိုင်လင်းဗိုလ်နှင့်အဖွဲ့က တီးခတ်ထားကြောင်း သတင်း ရရှိပါသည်။