သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်နှင့် ဘေးမဲ့တောဥယျာဉ် မြစ်ကမ်းပါး ထိန်းသိမ်းရန်လုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်စစ်ဆေး ပုဂံမြို့ ၊ မေ ၃၀

သာသနာ‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်  ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ တာဝန်ရှိသူများ လိုက်ပါလျက်  ၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့  (၁၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိပြီး လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကို ဖူးမြော်ကြည်ညိုခဲ့ ပါသည်။ လောကနန္ဒာစေတီတော်ကြီးသည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိရာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် စေတီတော်ကြီး  တိမ်းစောင်းမှုကို စောင့်ကြည့်စစ်ဆေးနိုင်ရေး တပ်ဆင်ထားသည့် ရေချိန်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ (၉.၁၀.၂၀၂၁)ရက်နေ့က ကြည့်ရှုခဲ့သည့် အနေအထားထက် ပြောင်းလဲမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းနောက် လောကနန္ဒာစွယ်တော်မြတ် စေတီတော်နှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့၏ မြစ်ကမ်းပါးများကို ဧရာဝတီမြစ်ရေတိုက်စား မှုမှ ကာကွယ်ရန် မြစ်ကမ်းပါး ထိန်းသိမ်းမှုလုပ်ငန်းခွင် ရှင်းလင်း‌ဆောင်သို့ ရောက်ရှိခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူက တင်ဒါလုပ်ထုံး လုပ်နည်းနှင့်အညီ တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် လင်းလက်ပြည့်စုံအောင် ကုမ္ပဏီလီမိတက်မှ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  သဘာဝဘေးအန္တရာယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး (၁၀.၂.၂၀၂၂) ရက်နေ့တွင် လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ (၂၇.၅.၂၀၂၂) ရက်နေ့ထိ ဆောင်ရွက်ပြီးစီးမှုမှာ (၈၉.၆၄%)ဖြစ်ပါကြောင်း လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လောကနန္ဒာ စွယ်တော်မြတ်စေတီသည် ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ စွယ်တော်လေးဆူတွင် တစ်ဆူ အပါအဝင် ဖြစ်သည့်အပြင် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသဖြင့် မိုးကာလမြစ်ရေတက်ချိန် မြစ်ရေ တိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြစ်ကမ်းပါး ထိန်းသိမ်းမှုလုပ်ငန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌထံသို့ တင်ပြလမ်းညွှန်မှုခံယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယခု မိုးဦးကာလ ရောက်ရှိပြီ ဖြစ်သဖြင့် မြစ်ရေမတိုးမီ ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အတူ နောင်ဆက်လက်ကြိုတင် ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်များကိုလည်း ဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးရေလျှံမှုကြောင့် စေတီပုထိုးများ ထိခိုက်မှု မဖြစ်စေရန် အနော်ရထာလမ်း၏ (၂)နေရာတွင် အနည်းငယ်နိမ့်၍ ရေကျော်ရန် လုပ်ငန်း ဆောင်ရွက်ရန်နေရာသို့ ရောက်ရှိခဲ့ရာ  ပုဂံဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးက  ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် မိုးရွာသွန်းမှုကြောင့် ယခင်နှစ်များစွာကပင် အနည်းနှင့်အများဆိုသလို ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် တွင် မိုးပိုမိုရွာသွန်းခဲ့သဖြင့်  ရေကြီးရေလျှံမှုများသည် မီဒီယာများတွင်ပါ ဖော်ပြသည်အထိ ဖြစ်ခဲ့ပြီး အနော်ရထာလမ်းဘေးဝဲယာတွင် ရေဝပ်၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိစေရေး ပုဂံ‌ခေတ် ရေလမ်းကြောင်းအတိုင်း ရေစီးဆင်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ရေတို၊ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများ လေ့လာတင်ပြခဲ့ ပါကြောင်း၊ ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းများတွင်ပါဝင်သည့် ရွာဟောင်းကြီးဘုရားအနီးနှင့် ပုဂံ မျှော်ဘုရားအနီး ရေစီးဆင်းမှု ကောင်းစေရေးအတွက် ကွင်းဆင်းသုတေသနပြုကာ  ယခုဘဏ္ဍာနှစ် တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးပါက ယခုနေရာမှတစ်ဆင့် ရှေးခေတ် ရေလမ်းကြောင်းအတိုင်း ပုဂံမြို့ဟောင်း ကျုံးအတွင်းသို့ အဆင့်ဆင့် စီးဆင်းသွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက  ယခုနှစ်အတွက်သာမက ရေရှည်တွင်ပါ ရေကြီး ရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ပုဂံခေတ် ရေလမ်းကြောင်း ဆောင်ရွက်ရာတွင် သမိုင်းကြောင်းနှင့် ရှေးဟောင်း အထောက် အထားများနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း၊ နှစ်စဉ်သုတေသနပြုရှာဖွေဖော်ထုတ်ခြင်းနှင့် အမြဲ စောင့်ကြည့်ထိန်းသိမ်းခြင်းကို ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ညောင်လက်ဖက်ကန်သို့‌ ရောက်ရှိခဲ့ရာ ပုဂံ ခေတ် ရေလမ်းကြောင်း တူးဖော်ထိန်းသိမ်းရေး တာဝန်ရှိသူက ပုဂံခေတ်ရေလမ်းကြောင်း ကွင်းဆင်း ဖော်ထုတ်တွေ့ရှိမှုအရ တိမ်ကောနေသော ရေလမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ ပြောင်းလဲသွားသော ရေလမ်းကြောင်းများကို ပြန်လည်ပြုပြင်ခြင်းများကို ထိန်းသိမ်းရန် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ယနေ့ထိ တည်မြဲနေခြင်းသည် ပုဂံခေတ် ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှု  ကောင်းမွန်မှုကြောင့် ဖြစ်‌ကြောင်း၊ ဆက်လက်ပြီး တည်တံ့ခိုင်မြဲစေ ရန်အတွက်လည်း ပုဂံခေတ်ရေလမ်းကြောင်းများကို စနစ်တကျဖော်ထုတ် ထိန်းသိမ်းသွားမှသာ ပုဂံဒေသအတွင်းတွင် ရေစီးရေလာ ကောင်းမွန်ပြီး ရေကြီး ရေလျှံမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း တိမ်ကောနေသော ရေလမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ ပြောင်းလဲသွားသော ရေလမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်ပြုပြင်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပြီး ရေလမ်းကြောင်းဖော်ထုတ်ပြုပြင်နေသည့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းနန်သူကျေးရွာရှိ လေးထောင့်ကန်ဦးသို့ ရောက်ရှိခဲ့ရာ လေးထောင့်ကန်နှင့် ရေစစ်ကန်သို့ ရေဝင်ရောက်မှု၊ ရေဝင်လမ်းကြောင်း၊‌‌ ရေပိုလွှဲမှ ရေများ စီးဆင်းသွားသည့် လမ်းကြောင်းများကို ကြည့်ရှုခဲ့ပါသည်။ ၎င်းနောက် ယုန်လွှတ်ကျွန်း (ပထမ နန်းတော်ရာ) တူးဖော်သုတေသနလုပ်ငန်း ဆောင်ရွက်ခဲ့သည့်နေရာသို့ ရောက်ရှိခဲ့ရာ တူးဖော် သုတေသနတာဝန်ရှိသူက တူးဖော်မှုဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်များ တူးဖော်တွေ့ရှိရသည့် အထောက်အထားများကို ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက တွေ့ရှိရသည့် အထောက်အထားများကို စနစ်တကျ ထိန်းသိမ်းသွားရန်နှင့် ယခုနှစ် ဆက်လက်တူးဖော်သုတေ သနပြုသွားရန်၊ ပျူခေတ်၏ နောက်ဆုံး သရေခေတ္တရာနှင့် ပုဂံခေတ်၏ အစပိုင်း ပုဂံသမိုင်းကြောင်း များကို  ဆက်စပ်ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ခေတ်ကာလအတိအကျ သိရှိနိုင်ရေးကို ပြည်ပပညာရှင်များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး ယုန်လွှတ်ကျွန်း နန်းတော်ရာမှ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။