ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ နှစ်လယ်ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ရေးဆွေးနွေးပြောကြား

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ၂၃-၅-၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)ရှိ   အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့၏ နှစ်လယ်အစည်းအဝေးသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညိန္ဒ၊ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာဦးအောင်ချစ်နှင့် အကြံပေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ ရှေးဦးစွာ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာဘဒ္ဒန္တ ပညိန္ဒက ဩဝါဒစကား မိန့်ကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက အဖွင့်အမှာ စကားလျှောက်ထားတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက –

          အကြိမ်(၇၀)မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်များပါဝင်သည့် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော မျက်နှာစုံညီ ပြက္ခဒိန်အစည်းအဝေးတွင် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ အခြေခံပြက္ခဒိန်ပညာကို ဘွဲ့လွန်ဒီပလိုမာသင်တန်းအဖြစ် ဖွင့်လှစ်နိုင်ရေး၊ အနုပညာဦးစီးဌာနက ကျင်းပသော စာတမ်းဖတ်ပွဲများတွင် ပြက္ခဒိန်ပညာရပ်ကို စာတမ်းရေးသားပြုစု၍ ထည့်သွင်းဖတ်ကြားနိုင်ရေးနှင့်      ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်ပညာရှင်များ ၆ လ လျှင် တစ်ကြိမ်တွေ့ဆုံ၍ ပညာရပ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းရေးတို့ကို လျာထား သတ်မှတ်ခဲ့ပါကြောင်း၊

          မြန်မာတို့သည် ပြက္ခဒိန်ရေးဆွဲခြင်း၊ မဟာသင်္ကြန်စာရေးသားပြုစုခြင်း ပညာရပ်များကို ကိုယ်ပိုင်နည်းစနစ်များဖြင့် ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြောင်း၊ မြန်မာ့ပြက္ခဒိန်သည် ပျူခေတ်၊ ပုဂံခေတ်ကတည်းက ရှိခဲ့ပြီးဖြစ်ပါကြောင်း၊

          မြန်မာ့ပြက္ခဒိန်သည်  နိုင်ငံသားအားလုံး၏ ဘာသာ သာသနာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် နေ့စဉ်ကင်းကွာ၍ မရပါကြောင်း၊

          ထို့ကြောင့် ရှေးနှစ်ပေါင်းများစွာကပင် ရှိပြီးဖြစ်သည့် မြန်မာ့ပြက္ခဒိန် တွက်နည်းစနစ်များ၊ မဟာသင်္ကြန်စာရေးသားပြုစုနည်းများ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် သာသနာ့ အကျိုး၊ နိုင်ငံနှင့် လူမျိုးအကျိုးကို ရှေးရှုပြီး ထိန်းသိမ်းဆောင်ရွက်ခြင်း၊ လက်ဆင့်ကမ်း မျှဝေခြင်းများ ကို စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊

          အခြေခံပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ရန် သင်ရိုးညွှန်းတမ်း၊ သင်ရိုး မာတိကာနှင့် သင်တန်းပြဋ္ဌာန်းစာအုပ်များ ပြုစုရန် လုပ်ငန်းအဖွဲ့လည်း ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင် ပြက္ခဒိန်ပညာရပ်ကို ဒီပလိုမာဘွဲ့ပေး နိုင်ရန် ဆောင်ရွက်နိုင်ပါက ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ သမိုင်းမှတ်တမ်း တွင်မည့် ဂုဏ်ယူဖွယ်ရာ ဆောင်ရွက်မှုတစ်ရပ် ဖြစ်လာမှာ ဖြစ်ပါကြောင်း၊

          သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ဆင့်ပွားရည်ရွယ်ချက်များအနေဖြင့် ပြက္ခဒိန်ပညာ ရှင်များ ပေါ်ထွန်းလာစေရေး၊ အခြေခံပြက္ခဒိန်ပညာရပ်များမှတစ်ဆင့် အခြားပတ်သက်နှီးနွယ်ရာ ပညာရပ်များကို ဆက်လက်လေ့လာသင်ယူနိုင်ရေး၊ အပြည်ပြည်ဆိုင်ရာ နက္ခတ္တအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ခေတ်မီတိုးတက်သော ပြက္ခဒိန်တစ်ခုအတွက် အခြေခံမူများရရှိ နိုင်ရေးတို့ ဖြစ်ပါကြောင်း၊

          မိမိတို့ မြန်မာနိုင်ငံမှာ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းကိုအခြေခံတဲ့ ပညာရပ်များကို လက်ဆင့်ကမ်းကြရာ၌ ဆရာစဉ်ဆက် လက်ဆင့်ကမ်းတဲ့စနစ်ကို အများစုက ကျင့်သုံးလေ့ရှိကြပါ ကြောင်း၊ ဒါကြောင့် သင်ရိုးညွှန်းတမ်းများရေးဆွဲတဲ့အခါမှာ ထိုအခြေခံအချက်များကို ထည့်သွင်း စဉ်းစားနိုင်ဖို့ကိုလည်း အကြံပြုပြောကြားလိုပါကြောင်း၊ သင်တန်းဖွင့်လှစ်သင်ကြားရာမှာ သင်တန်း နည်းပြ ဆရာများ လုံလောက်စွာ ရရှိဖို့အပြင် မှီငြမ်းကိုးကားရမယ့် ကျမ်းစာအုပ်အထောက် အထားများ၊ သင်တန်းအထောက်အကူပြုပစ္စည်းများ၊ လက်တွေ့လေ့လာဆောင်ရွက်ရမယ့် လုပ်ငန်း စနစ်များကို ကြိုတင်ကြံဆထားကြရမှာဖြစ်ပါကြောင်း၊

           ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနက ဒုတိယအကြိမ် ဆက်လက်ကျင်းပမယ့် ၂/၂၀၂၂ စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ဒုတိယမြောက် ဖတ်ကြားတင်သွင်းမယ့် စာတမ်းခေါင်းစဉ်ကို ရွေးချယ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊

          ယခုလို စာတမ်းပြုစုဖတ်ကြားဆွေးနွေးသော အကြောင်းအရာများတွင် နှစ်စဉ်ရေးဆွဲ ထုတ်ဝေလျက်ရှိပြီး ပြက္ခဒိန်စာမျက်နှာများပေါ်တွင်ပါရှိသော ရည်ညွှန်းချက်၊ သတ်မှတ်ချက်များနဲ့ ပတ်သက်၍ အများပြည်သူများ၊ သုတေသီများ သိရှိမှတ်သားဖွယ်ရာအကြောင်းအရာ ရှင်းလင်းချက်များကို ထည့်သွင်းပေးသင့်သည်ဟု ယူဆပါကြောင်း။

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ဧပြီလ ၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော အနုသုခုမဆိုင်ရာစာတမ်းဖတ်ပွဲ ၁/၂၀၂၂ တွင် မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ဝင် သဒ္မမ္မဇောတိကဓဇဦးရန်နိုင်သိန်းက”မြန်မာ့ပြက္ခဒိန်သမိုင်းစဉ်”စာတမ်းကို ဖတ်ကြားခဲ့သည့်အတွက် စာတမ်းဖတ်ပွဲ တက်ရောက်လာသူများ၊ သုတေသီများက စိတ်ပါဝင်စားစွာ ဝင်ရောက်ဆွေးနွေးခြင်း၊ သိရှိလိုသည်များကို မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း၊

          ထို့ကြောင့် စာတမ်းဖတ်ပွဲ ၂/၂၀၂၂ တွင် ဒုတိယအကြိမ် ဖတ်ကြားတင်သွင်းမည့် စာတမ်း သည်လည်းအများပြည်သူများ၊ သုတေသီများစိတ်ဝင်စားမည့် စာတမ်းတစ်စောင်ဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးနိုင်ကြရန် တိုက်တွန်းပန်ကြားကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ ပါသည်။

ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြက္ခဒိန်ပညာရပ်အား အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် သင်ကြားမှု သင်ခန်းစာရေးဆွဲရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် မြန်မာ့ပြက္ခဒိန်ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကိုညှိနှိုင်းဆွေးနွေးကြရာ ပါမောက္ခချုပ်အပါအဝင် သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးပညာရှင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ အနုပညာဦးစီးဌာနက ဒုတိယအကြိမ်ကျင်းပမည့် ၂/၂၀၂၂ သုတေသန စာတမ်းဖတ်ပွဲတွွင် ဖတ်ကြားတင်သွင်းနိုင်ရန်အတွက် မြန်မာ့ပြက္ခဒိန်ဆိုင်ရာ စာတမ်းခေါင်းစဉ်ကို ရွေးချယ်သတ်မှတ်ကြပြီး၊ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညိန္ဒက လိုအပ်သည်များကို ဖြည့်စွက်၍ ပြန်လည်မိန့်ကြားပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ် အမှာစကား လျှောက်ထားတင်ပြ၍ အစည်းအဝေးအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။