သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ မိုးဇော်ထွန်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ကြည့်ရှုစစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် ၂၀၂၂ ခုနှစ် မေလ ၂၃ ရက် နေ့လယ် ၁ နာရီက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)ကို ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံအမျိုးသား အိပ်ဆောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် စွယ်တော်ဆောင်၊ အစည်းအဝေး ခန်းမတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက တက္ကသိုလ်ဆိုင်ရာများကို မိတ်ဆက်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပါမောက္ခချုပ် နှင့်အဖွဲ့ဝင်များ   လိုက်ပါလျက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ သင်ကြားရေးဆောင်များ ဖြစ်ကြ သော ကုမုဒြာဆောင်ရှိ သဘင်ပညာဌာနနှင့် ဂီတပညာဌာန၊ ကံ့ကော်ဆောင်ရှိ ပန်းပုပညာ ဌာနနှင့် ပန်းချီပညာဌာန၊ သဇင်ဆောင်ရှိ စာပေပညာဌာနနှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနတို့၌ ကျောင်းသားကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားသည်။

ထို့နောက် သရဖီဆောင်ရှိ စာကြည့်တိုက်တို့ကို စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။