မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပ

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်၊ (၂၈)ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်  တက္ကသိုလ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၄-၅-၂၀၂၂ ရက်နေ့မှ ၂၆.၅.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ ၂၆.၅.၂၀၂၂  ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်ပွဲ၊ ပိတ်ပွဲအခမ်းအနားကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်ရှိ အနုပညာခန်းမတွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူးများ၊   တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနမှ ဝန်ထမ်းများအားလုံး တက်ရောက်ခဲ့ကြပါသည်။

            မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်တက္ကသိုလ်မိတ်ဆက်ပွဲ အခမ်းအနား ပထမပိုင်းအစီအစဉ် ဖြစ်သည့်နံနက်၁၀:၀၀နာရီအချိန်၌ ဂီတပညာဌာန၊ မောင်ချစ်နှိုင်းဇော်နှင့်အဖွဲက ဆိုင်းဝိုင်း အဖွဲ့လိုက်ဖြင့်လည်းကောင်း၊ သဘင်ပညာဌာနက နှစ်ပါးသွားအကဖြင့်လည်းကောင်း၊ ဂီတပညာဌာနက စောင်းနှင့်တယောအဖွဲ့လိုက်ဖြင့်လည်းကောင်း၊ သဘင်ပညာဌာနက ရုပ်သေးအကဖြင့်လည်းကောင်း၊ ပန်းပုပညာဌာနက တယောအတီးဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီးနောက် တက္ကသိုလ်မောင်နှင့်တက္ကသိုလ်မယ်ရွေးချယ်ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

          ဒုတိယပိုင်း အစီအစဉ်ဖြစ်သည့် နေ့လယ် ၁၃:၀၀ နာရီအချိန်၌ ဂီတပညာဌာနမှ မမေသက်ထားဆွေ က သီချင်းအဆိုဖြင့်လည်းကောင်း၊  ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ပထမနှစ် ကျောင်းသား၊ကျောင်းသူများက အကဖြင့်လည်းကောင်း၊ တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊  ပန်းချီပညာဌာန၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများက (Gain in Ear) အကဖြင့်လည်းကောင်း၊ (Rite it)အကဖြင့်လည်းကောင်း၊ ဂီတပညာဌာနမှ မောင်ဝိုင်းလမင်းအောင်က သီချင်းအဆိုဖြင့် လည်းကောင်း၊ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက္ကသိုလ်မောင်နှင့်မယ် ဆုချီးမြှင့်ခြင်းကို ပါမောက္ခချုပ် ကလည်းကောင်း၊ တက္ကသိုလ်ပြုံးအလှပိုင်ရှင် မောင်/မယ်ဆု ချီးမြှင့်ခြင်းကို ဒုတိယပါမောက္ခချုပ်(သင်ကြား)ကလည်းကောင်း၊  ဆုများချီးမြှင့်ခဲ့ကြပြီးနောက် ဌာနအလိုက် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အဖွဲ့လိုက်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို နေ့လယ်(၂:၃၀)နာရီတွင် ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိသည်။