၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး နေပြည်တော် ဇွန် ၃

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဗဟိုကော်မတီပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ယနေ့နံနက် ၀၉:၃၀ နာရီ တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကိုကို၊ ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း၊ ကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင် ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဘိုဌေး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် အာဇာနည်နေ့အခမ်းအနားကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌအဖြစ်‌ ဆောင်ရွက်သည့် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်‌ဆောင်ရွက်သည့် လုပ်ငန်း ကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် လုံခြုံရေး ကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

ထို့ပြင် အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး နှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြသရေးဆပ်ကော်မတီ၊ လွမ်းသူပန်းခွေချအလေးပြုအခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော် မတီ၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနား ကျင်းပရေးဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီ ၈ ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊

ယခင် (၇၄)နှစ်မြောက် အာဇာနည်နေ့တွင် ကိုဗစ်ရောဂါကြောင့် ပြတိုက် ၂ ခုလုံးကို Online မှ ပြသခဲ့ရပါကြောင်း၊ ယခုနှစ်တွင်မူ ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းသွားပြီးဖြစ်ပါသဖြင့် Physical exhibition ပြသသွားမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် e-exhibition ကိုလည်း ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊

ယခုနှစ်ကျင်းပမည့် နိုင်ငံတော်အဆင့် အာဇာနည်နေ့အခမ်းအနားကြီးကို နေရာ ၄ နေရာတွင် တစ်ပြိုင်နက်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အာဇာနည်ဗိမာန်တွင် လွမ်းသူပန်းခွေချ အလေးပြုခြင်း၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်ထူ အလေးပြုခြင်း၊ ရန်ကုန်မြို့တော်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကာ အမျှပေးဝေခြင်း၊ နေပြည်တော်တွင်လည်း နိုင်ငံတော်အဆင့် ဆွမ်းဆက်ကပ်လှူဒါန်း အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊

အာဇာနည်ဗိမာန်တွင် ပြုလုပ်မည့် လွမ်းသူပန်းခွေချအခမ်းအနားတွင် အရေးကြီးသည့် လုပ်ငန်းများမှာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား ဖိတ်ကြားခြင်း၊ ကြိုဆို နေရာချထားခြင်း၊ ပန်းခြင်းပန်းခွေများစီစဉ်ခြင်း၊ နိုင်ငံခြားသံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများကို ဖိတ်ကြားခြင်း၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် NGO အဖွဲ့အစည်းများကို ဖိတ်ကြားခြင်း၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ တက်ရောက်သတင်း ရယူနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် ရဟန်း၊ သံဃာတော်များ၊ အများပြည်သူများ လာရောက် ဂါရဝပြုနိုင်ရန် စီစဉ်ခြင်းတို့ဖြစ်ပါကြောင်း၊

ယခင်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးနီးပါးကို Stay at Home သတ်မှတ်ထားသောကြောင့် ပြည်သူလူထုဂါရဝပြုမှုနည်းပါးခဲ့သော်လည်း ယခုနှစ်တွင် များပြား လာနိုင်ပါကြောင်း၊ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးအတွက် ယာဉ်ဝင်အထွက်၊ လူဝင် အထွက်လမ်းများကို ရှင်းလင်းသတ်မှတ်ပေးခြင်း၊ အခြေခံ ကိုဗစ် စည်းကမ်းများဖြစ်သော Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်း(ဆေးရည်ဖျန်းခြင်း)၊ သတ်မှတ် Social distinction ဖြင့် နေရာ ချထားခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ အာဇာနည်ခေါင်းဆောင် ကြီးများ၏ မိသားစုဝင်များကို ဖိတ်ကြားရာတွင်လည်း ယခင်နှစ်များနည်းတူ အထူးအလေး ထား၍ ဖိတ်ကြားရန် လိုအပ်ပါကြောင်း၊

လုံခြုံရေးနှင့်ပတ်သက်၍ လုံခြုံရေးကော်မတီက တာဝန်ယူဆောင်ရွက်ရာတွင် CCTV ကင်မရာများတပ်ဆင်ခြင်း၊ X-Ray စက်များ တပ်ဆင်ခြင်း၊ Walkthrough စက်များ တပ်ဆင် ခြင်း၊ အမြင့်တင်စောင့်ကြည့်စင်များထားရှိခြင်း၊ ရန်ကုန်မြစ်အတွင်းနှင့် သွေးဆေးကန်တို့တွင် ရေငုပ်တပ်ဖွဲ့ဝင်များနှင့် ရှာဖွေခြင်း၊ အာဇာနည်ဗိမာန်တွင် မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ Anti Drone စက်များ ထားရှိခြင်းနှင့် အခြားလိုအပ်သည်များကို ယခင်နှစ်များအတိုင်း လစ်ဟာမှုမရှိစေရန် အသေးစိတ်စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပြည်သူလူထုစုဝေးရာ နေရာများတွင် လုံခြုံမှုအကာအကွယ်ပေးနိုင်ရန်ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

အုပ်ချုပ်ထောက်ပံ့မှုအတွက် အာဇာနည်ဗိမာန်အပါအဝင် သက်ဆိုင်ရာနေရာများ သန့်ရှင်းသပ်ရပ်ရေး၊ မြေယာရှုခင်းများ ပန်းအလှပင်များ စိမ်းလန်းစိုပြေရေး၊ လျှပ်စစ်မီးမပြတ် တောက်စေရေး၊ မီးစက်အရန်များထားရှိရေးကိစ္စများကို ဆောင်ရွက်ထားရှိရန်၊ ထို့အပြင် အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံးချိန်တွင် အသိပေး ဥဩသံထုတ်လွှင့်ရေး၊ အာဇာနည်နေ့ မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် မီဒီယာများမှတဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများ၊ အစီအစဉ်များ၊ သီချင်းများ ကြိုတင်ရေးသားထုတ်လွှင့်ရေး၊ ကျောင်းများ တွင် အာဇာနည်နေ့နှင့် ပတ်သက်သော စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဟောပြောပွဲ များ ကျင်းပပြုလုပ်ရေးတို့ကို ဆောင်ရွက်သွားရန် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ရဲမှူးချုပ် ဝင်းမင်းသိန်း၊ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေး ဝန်ကြီး ဦးဘိုဌေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်ကောင်စီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာ၊ ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့က သက်ဆိုင်ရာ လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြ ကြပါသည်။ ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုနှစ်ကျင်းပပြုလုပ်မည့် အာဇာနည်နေ့အခမ်းအနားကို သက်ဆိုင်ရာ ကော်မတီ၊ ဆပ်ကော်မတီအသီးသီးက ရည်မှန်းချက်အတိုင်း ပြည့်စုံစွာ ဆောင်ရွက်သွား ကြရန်နှင့် လုံခြုံရေးကိစ္စရပ်များအား အထူးအလေးထားဆောင်ရွက်ရန်၊ ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် အထောက်အထား အချက်အလက်များနှင့် ပုံရိပ်များကို ယခင်နှစ်များထက် ပိုမိုပြည့်စုံစွာ ပြသနိုင်ရေးအတွက် ကြိုတင်စီစဉ်ထားရှိပါ ကြောင်း ထည့်သွင်းပြောကြားပြီး အစည်းအဝေးကို ၁၁:၂၅ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။