မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အတွက် ကြေးခေတ်၊ သံခေတ် သမိုင်း ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့သမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်ကာလ၊ ကြေးခေတ်၊ သံခေတ်ကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း၊ ပျူခေတ်ကာလတို့နှင့် ပတ်သက်၍ မူကြမ်းရေးသားပြီးစီးနေပြီဖြစ်သည့် ရှေးဟောင်းသုတေသနဆိုင်ရာ၊ တူးဖော် သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု ‌ဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ရရှိနိုင်ရန်အတွက် လက်တွေ့တူးဖော်သုတေသနပြုသည့် ပညာရှင်များ၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့် အရာရှိကြီးများ၊ လက်တွေ့ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများ၊ ဝန်ထမ်းများ ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပွဲကို ( ၆-၆-၂၀၂၂ ) ရက်နေ့နှင့် ( ၇-၆-၂၀၂၂ ) ရက်နေ့တို့တွင် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသောဆွေးနွေးပွဲဖြစ်သည့် အားလျော်စွာ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ( ၁ )၊ ဦးသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ( ၂ ) ဒေါက်တာတိုးလှနှင့် မြန်မာ့သမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ ၊ ကြေးခေတ်၊ သံခေတ် သုတေသနတူးဖော်မှု လုပ်ငန်းများတွင် နှစ်‌ပေါင်း ( ၂၀ )ကျော် ပါဝင်ဆောင်ရွက်လာသော ပြင်ပပညာရှင်များ၊ အရာရှိကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လေ့လာသူ ဌာနဝန်ထမ်း ( ၄၀ )ဦးတို့ တက်ရောက်ကြပါသည်။

မြန်မာနိုင်ငံသည် ဘူမိပထဝီဖွဲ့စည်းမှုအရ လွန်ခဲ့သောနှစ်ပေါင်း သန်း ရာနှင့်ချီသည့် ကာလကပင် ရေ၊ မြေ၊ တော၊ တောင်ဖြင့် ဖွဲ့စည်းတည်ရှိခဲ့ပြီး ပုံတောင်၊ ပုံညာတောင်တန်းရှိ   ဗဟင်းကျေးရွာမှ လွန်ခဲ့သောနှစ် သန်း ( ၄၀ )က သက်တမ်းဟု နိုင်ငံတကာပညာရှင်များ သတ်မှတ်ခဲ့သည့် လူတူပရိုင်းမိတ်၏ ညာဘက်အောက်မေးရိုးတစ်ခြမ်းကို စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း လူတူပရိုင်းမိတ် အစိတ်အပိုင်းများ ဆက်လက်ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထို့ကြောင့်လည်း မြန်မာ့ရေ၊ မြေ ပေါ်တွင် လူတူပရိုင်းမိတ်များ ပေါက်ဖွား ရှင်သန်လာပြီး လွန်ခဲ့သောနှစ် ၇၅၀၀၀၀ မှ ၁၀၀၀၀ အကြားကာလတွင် အညာသားယဉ်ကျေးမှုဟူ၍ အမေရိကန်ပညာရှင် T.O.Morris, Dr. H.L.Movius နှင့်  Dr. H.de Terra တို့ အမည်ပေးခဲ့သည့် ကျောက်ခေတ်ဦး ( သို့မဟုတ် ) ကျောက်ခေတ်ဟောင်း ကာလ ထွန်းကားခဲ့ကြောင်း၊ ထို့နောက် ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ်များသို့ အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီး ကြေးခေတ်၊ သံခေတ်များသို့ပါ ကူးပြောင်းထွန်းခဲ့သည်ကို ၂၀၀၁ ခုနှစ် မှ ၂၀၁၉ ခုနှစ် အထိ နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်းတူးဖော်သုတေသနပြုမှုအရ တွေ့ရှိခဲ့ရကြောင်း ၊ ကြေးခေတ် ၊ သံခေတ်မှ ပျူခေတ်၊ ထို့နောက် ပုဂံခေတ်စသည့်ဖြင့် မြန်မာသမိုင်းတို့၏ ခေတ်အဆင့်ဆင့်ကို ဖြတ်ကျော်ကာ ယခုခေတ်ကာလအထိ ယဉ်ကျေးမှု မြင့်မားတိုးတက်လာည်ကို တွေ့ရှိရပါကြောင်း၊ ယခင်က မြန်မာနိုင်ငံသမိုင်းကို လေ့လာဖော်ထုတ်မှုများအရ ကြေးခေတ်၊ သံခေတ်ကို ကျော်လွှားပြီး ကျောက်ခေတ်သစ်မှ ပျူခေတ်သို့  ကျော်လွှားဖြတ်သန်းခဲ့သည်ဟု ပြည်တွင်း/ပြည်ပ မှ ပညာရှင်ကြီး များက ပြောဆိုမှတ်သား ရေးသားကြကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းခေတ်များနှင့် ပတ်သက်၍ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပညာရှင်များစု ဖွဲ့ရေးသားထုတ်ဝေခဲ့သော “အခြေပြမြန်မာနိုင်ငံရေးသမိုင်း” ကိုသာ ကိုးကားစေရကြောင်း၊ နှစ်ပေါင်း (၅၀) ကျော်လွန်ပြီ ဖြစ်သည့် ယခုကာလတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ဂျပန်၊ ပြင်သစ်၊ အမေရိကန်၊ အီတလီ၊ စင်္ကာပူစသည့် နိုင်ငံများမှ အဖွဲ့အစည်းများစွာဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယခုကာလအထိ ပူးတွဲ သုတေသနပြုမှုအကြိမ်ပေါင်း ရာချီရှိခဲ့ပြီး အသစ်အသစ်သော တွေ့ရှိချက်များ၊ သိပ္ပံနည်းကျသက်တမ်း တွက်ချက်မှုများကြောင့် အချို့သမိုင်းခေတ်များမှာ များစွာ ပီပြင်ပုံပေါ်လာပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သမိုင်းခေတ်များကို ပြန်လည်ပြင်ဆင် ရေးသားပြုစု ထုတ်ဝေရန် လိုအပ်လာပြီဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်း/ပြည်ပ သုတေသီများ၊ ကျောင်းသား လူငယ်များ၊ ပြည်သူလူထုများ အနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းစဉ် ပြောင်းလဲဖြစ်တည်မှုကို သိရှိကိုးကားနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာလူမျိုးများသည် မြန်မာ့ရေမြေတွင် ပေါက်ဖွား ကြီးပြင်းလာပြီး သမိုင်းခေတ်ကာလ အဆင့်ဆင့်ကို ကျော်ဖြတ်လျက် ယနေ့ခေတ်ကာလအထိ ရောက်ရှိခဲ့သည်ကို ခိုင်ခိုင်မာမာ ဖော်ထုတ်နိုင်ပြီး မိမိလူမျိုး ၊ မိမိနိုင်ငံနှင့် မိမိတို့ သမိုင်းအတွက် ဂုဏ်ယူနိုင်မည်မှာ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့ကြောင့် ဆွေးနွေးပွဲတွင် မြန်မာ့သမိုင်းအဖွဲ့ပညာရှင်များ ပြုစုရေးသားထားသော သမိုင်းစဉ် (မူကြမ်း) များအနက်မှ “ကြေးခေတ်၊ သံခေတ် မြို့ပြအကြိုခေတ်” အကြောင်းကို တာဝန်ယူ ပြုစုသော ဒေါက်တာစိန်မြင့်က ရှင်းလင်းတင်ပြပါသည်။ ထို့နောက်‌ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ၎င်းလက်တွေ့တူးဖော် သုတေသနပြုခဲ့သော “ကြေးခေတ်၊ သံခေတ် တူးဖော်မှုအကြောင်း” ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြရာ ပြင်သစ်ပညာရှင်များ၏ အယူအဆနှင့် သက်တမ်းတွက်ချက်မှုကိုပါ မြန်မာ့ ကြေး/သံခေတ် သမိုင်းစဉ်တွင်ပါ ထည့်သွင်းနိုင်ရန် ဆွေးနွေးတင်ပြပါသည်။ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် ပညာရှင်များ၊ မန္တလေးရှေးဟောင်းသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးပေါက်ပေါက်နှင့် ကြေးခေတ်၊ သံခေတ် ဒေသများကို လက်တွေ့တူးဖော်သုတေသနပြုခဲ့သော အရာကြီးများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပါသည်။ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ကြေးခေတ်၊ သံခေတ် ဆွေးနွေးပွဲကို ( ၆-၆-၂၀၂၂ )ရက်နေ့နှင့် ( ၇-၆-၂၀၂၂ )ရက်နေ့ စုစုပေါင်း ( ၂ )ရက် ပြုလုပ်ခဲ့ပြီး ဆွေးနွေးဖြည့်စွက်ချက်များကို ပြန်လည်ပြင်ဆင်၍ ထပ်မံဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း၊ အလားတူ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ကျောက်ခေတ်ဆွေးနွေးပွဲကို ( ၁၃-၆-၂၀၂၂ ) ရက်နေ့နှင့် ( ၁၄-၆-၂၀၂၂ ) ရက်နေ့များတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် ဆက်လက် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပညာရှင်များ ပါဝင်ဆွေးနွေးနိုင်ပါကြောင်း၊ ပါဝင်ဆွေးနွေးလိုသူ ပညာရှင်များ အနေဖြင့် ၎င်းသုတေသနပြုတွေ့ရှိချက်များ၊ ခိုင်မာသော အထောက်အထားများကိုပါ ပူးတွဲယူဆောင်လာပါရန်နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဖုန်း – 095061832 ၊ Email : departmentofarchaeologyygn@gmail.com များသို့ ကြိုတင်ဆက်သွယ်ရန် လိုအပ်ပါကြောင်း သတင်းရရှိပါသည်။