ယဉ်ကျေးမှု အမွေအနှစ်များ၊ ပြတိုက်များနှင့် သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ (ဒုတိယအကြိမ်) အခမ်းအနား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၀) ရက် ရန်ကုန်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ မှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ယဉ်ကျေးမှု အမွေအနှစ်များ၊ ပြတိုက်များနှင့် သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား(ဒုတိယအကြိမ်)ကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းလွင်၊ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊  ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ပညာရှင်များတက်ရောက်ကာ ဌာနခွဲ၊ ဌာနစု အသီးသီးမှ အရာထမ်း၊ အမှုထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြ ပါသည်။

စာတမ်းဖတ်ပွဲတွင် ဒေါ်ဝတ်ရည်ဝင်းသန့် (လက်ထောက်ညွှန်ကြားရေးမှူး၊ ရန်ကုန်ဌာနခွဲ)က ” A Study on Typology of Bricks From Sri-Ksetra” စာတမ်းကိုလည်းကောင်း၊ ဒေါ်စန္ဒာလွင်(ဦးစီးမှူး၊ ပဲခူးဌာနခွဲ)က “ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဇိုင်းကနိုင်းကြီးကျေးရွာအုပ်စု၊ မဲခုံအပိုင် နန်းတော်ကုန်းကျေးရွာရှိ အနောက်နန်းတော်ကုန်း နေရာဟောင်းအားကွင်းဆင်းလေ့လာခြင်း” စာတမ်းကိုလည်းကောင်း၊ ဒေါ်စုမွန်မြတ် (သုတေသနလက်ထောက်-၄၊ ပဲခူးဌာနခွဲ)က “ပြည်မြို့နယ်၊ သရေခေတ္တရာမြို့ဟောင်းဝန်းကျင်ရှိ ရှေးဆန်သော ကျေးရွာဒေသအမည်များ လေ့လာချက် ” စာတမ်း ကိုလည်းကောင်း၊ ဒေါ်ဝေဝေဖြိုး (လက်ထောက် အင်ဂျင်နီယာ၊ အမျိုးသားပြတိုက်-ရန်ကုန်)က အဆောက်အဦ၏ လုံခြုံမှု စနစ်စာတမ်း”ကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး၊ သဘာပတိများ အဖြစ် ဒေါက်တာသိန်းလွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဦးဝင်းကြိုင် (ကျောင်းအုပ်ကြီး၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း-ပြည်)၊ ဦးစိုးနီထွန်း (ပါမောက္ခ၊ ရှေးဟောင်းသုတေသနဌာန၊ ရန်ကုန်တက္ကသိုလ်) တို့က ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ဖတ်ကြားခဲ့သော စာတမ်းများနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းများအပေါ် ဖြည့်စွက်သုံးသပ် ပြောကြားပါသည်။ ဆက်လက်၍ ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး၊ ဦးမြင့်ဇော်မှ သဘာပတိများအားအမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ ရန်ကုန်ဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူးနှင့် အမျိုးသားပြတိုက်-ရန်ကုန် ဒုတိယညွှန်ကြားရေးမှူးတို့က စာတမ်းရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၄:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါ သည်။