ပိဋကသုံးပုံပါဠိတော်ကို ပါဠိ – ရိုမန် စိစစ်တည်းဖြတ်မှု အောင်မြင်ပြီးဆုံးခြင်း အထိမ်းအမှတ်နှင့် တက္ကသိုလ် ၄ ခုရှိ အဖွဲ့ ၄ ဖွဲ့မှ ဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ယနေ့ ၁၀ : ၀၀ အချိန်တွင် ပိဋကသုံးပုံပါဠိတော်ကို ပါဠိ –  ရိုမန် စိစစ်တည်းဖြတ်မှု အောင်မြင် ပြီးဆုံးခြင်းအထိမ်းအမှတ်နှင့် တက္ကသိုလ် ၄ ခုရှိ ဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်(စစ်ကိုင်း)၊ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်၌ကျင်းပပြုလုပ်ခဲ့ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ၊ သောဠသမရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီး ၁၈ ပါး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ပါသည်။ ထို့နောက် သီတဂူဆရာတော်ကြီးက ဂုဏ်ပြုဩဝါဒကထာ ချီးမြှင့်ရာတွင် မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာ ၅ နိုင်ငံမှ သံဃာတော်များဖြင့် စုပေါင်းကျင်းပခဲ့သော ဆဋ္ဌသင်္ဂယနာတင် ပါဠိတော်များကို ပြည်ပနိုင်ငံများမှ ပုဂ္ဂိုလ်များဖတ်ရှုနိုင်ရေး ရိုမန်အက္ခရာဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ကျောက်စာချပ်များအဖြစ်ရေးထိုးနိုင်ရန် သာသနာ့ တက္ကသိုလ်ကြီး ၄ ခုမှ သံဃာတော်များက စိစစ်တည်းဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ မိမိတို့ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်များမှ သံဃာတော်များသည် တာဝန်ကျသောကျမ်းစာများကို ၇ ကြိမ်တိုင်တိုင် စိစစ်တည်းဖြတ်ခဲ့ကြပါကြောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တာဝန်ကြီး ၄ ရပ်ဖြစ်သော Preservation of Buddha’s Teaching, Promotion of Buddha’s Teaching, Propagation of Buddha’s Teaching နှင့် Protection of Buddha’s Teaching ဟူ၍ လုပ်ငန်းရပ်ကြီး ၄ ခုဖြင့် အားသွန်ကြိုးပမ်းဆောင်ရွက် သွားကြစေလိုပါကြောင်း၊ ဆက်လက်၍ သာသနာတော်အရှည်တည်တံ့ ထွန်းကားပြန့်ပွားရန်နှင့် ကာကွယ်နိုင်ရန်အတွက် အာသောကမင်းကြီး၏ သာသနာပြုစိတ်ဓာတ်ကို ကိုယ်စားပြုသောအားဖြင့် အာသောကကျောက်တိုင်ကြီးတွင် ထည့်သွင်းထွင်းထုထားသည့် ဆင်ရုပ်ကဲ့သို့ အများအကျိုး ဆောင်ရွက်ရာတွင် အင်အားဖြင့် ဆောင်ရွက်ရန်၊ မြင်းရုပ်ကဲ့သို့လျင်မြန်ဖျတ်လတ်စွာဆောင်ရွက်ရန်၊ နွားရုပ်ကဲ့သို့ သည်းခံ၍အလုပ်လုပ်ရန်နှင့် ခြင်္သေ့ရုပ်များကဲ့သို့ သတ္တိရှိစွာဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း မိန့်ကြားခဲ့ပါသည်။

ထို့နောက် ပိဋကသုံးပုံပါဠိတော်ကို ပါဠိ-ရိုမန် နှစ်ဘာသာဖြင့် ကျောက်စာရေးထိုးရာတွင် ဆဋ္ဌသင်္ဂါယနာမူနှင့် ကိုက်ညီစေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝမ်းမြောက်စကားလျှောက်ထားရာတွင်  ပိဋကသုံးပုံ ပါဠိတော်ကို ပါဠိ – ရိုမန် နှစ်ဘာသာဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယရုပ်ပွာတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်ထက်အက္ခရာတင်နိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၁-၉-၂၀၂၁ ရက်နေ့တွင် ဆဋ္ဌသင်္ဂါယနာမူနှင့်အညီ စိစစ်တည်းဖြတ်နိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ လမ်းညွှန်မှာကြားချက်အရ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (M.E.C)ကလည်း  ပိဋကသုံးပုံပါဠိတော်မှ ရိုမန်ဖြင့်ပြန်ဆိုထားသော အုပ်ရေ ၄၀ ကို စုဆောင်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပ်နှံနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စိစစ်တည်းဖြတ်နိုင်ရေး သီတဂူဆရာတော်ကြီးထံ ဩဝါဒခံယူ၍ သီတဂူ အပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့မှ ဆရာတော်များပါဝင်သည့် အဖွဲ့ ၄ ဖွဲ့ကို ဖွဲ့စည်းပြီး စိစစ် တည်းဖြတ်ခြင်းလုပ်ငန်းများကို ၈-၁-၂၀၂၂ ရက်နေ့မှ စတင်ကာ ၁၆-၅-၂၀၂၂ ရက်နေ့တွင် မျှော်မှန်းသည်ထက်စော၍ ပြီးစီးခဲ့ပါကြောင်း၊ စိစစ် တည်းဖြတ်နေစဉ်ကာလအတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၄ ကြိမ်ပြုလုပ်ခဲ့ရပါကြောင်း၊ ၁၄-၅-၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီး ၁၈ ပါး ပင့်ဖိတ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပြီး ဆဋ္ဌသင်္ဂါယနာမူ ပိဋက ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်းမဟာမင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ခဲ့ ပါကြောင်း၊ ပိဋကသုံးပုံပါဠိတော်ကို ပါဠိ-ရိုမန် စိစစ်တည်းဖြတ်မှုလုပ်ငန်းများကို မူလတာဝန်များ အပြင် စိတ်အားထက်သန်စွာဖြင့်ဆောင်ရွက်တော်မူကြသော သီတဂူဆရာတော်ကြီးအမှူးပြုသည့်  နာယကဆရာတော်ကြီးများ၊ တက္ကသိုလ် ၄ ခုရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ဌာနမှူး၊ ကထိက၊ လက်ထောက်ကထိက ဆရာတော်များအား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အထူးပင်ကျေးဇူးတင်ရှိကြောင်း လျှောက်ထားခဲ့ ပါသည်။

ယင်းနောက် အခမ်းအနားသို့ကြွရောက်တော်မူလာသော ဆရာတော်ကြီးများနှင့် စိစစ် တည်းဖြတ်ရေး အဖွဲ့ ၄ ဖွဲ့မှဆရာတော်ကြီးများထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး သီတဂူဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”(၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။