မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုပြီး မူကြမ်းနှင့်ပတ်သက်၍ ကျောက်ခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့သမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလ သမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလသမိုင်းစဉ်တို့နှင့် ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီ ဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု ‌ဖော်ထုတ် တွေ့ရှိချက် များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးသားနိုင်ရန် အတွက် လက်တွေ့တူးဖော်သုတေသနပြုသည့် ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ အတွေ့အကြုံရင့် အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများ၊ ဝန်ထမ်းများ၏ ကျောက်ခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို (၁၃-၆-၂၀၂၂) ရက်နေ့နှင့် (၁၄-၆-၂၀၂၂) ရက်နေ့တို့တွင် ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသောဆွေးနွေးပွဲဖြစ်သည့် အားလျော်စွာ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှနှင့် မြန်မာ့သမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ ၊ အကြံပေး ပညာရှင်များ၊ ကျောက်ခတ်သုတေသနတူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော  အရာရှိကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လေ့လာသူ ဌာနမှဝန်ထမ်းများ ( ၅၀ ) ဦးတို့ တက်ရောက် ကြပါသည်။

အမေရိကန်ပညာရှင် T.O.Morris, Dr. H.L.Movius နှင့်  Dr. H.de Terra တို့ အမည်ပေးခဲ့သည့် ကျောက်ခေတ်ဦး ( သို့မဟုတ် ) ကျောက်ခေတ်ဟောင်း ကာလ ထွန်းကားခဲ့ကြောင်း၊ ထို့နောက် ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ်များသို့ အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီး ကြေးခေတ်၊ သံခေတ်များ သို့ ကူးပြောင်းထွန်းကားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းခေတ်များနှင့် ပတ်သက်၍ ၁၉၇၀ ပြည့်နှစ် တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပညာရှင်များ စုဖွဲ့ပြုစုရေးသား ထုတ်ဝေခဲ့သော “အခြေပြမြန်မာနိုင်ငံရေးသမိုင်း” ကိုသာ ကိုးကားရကြောင်း၊ နှစ်ပေါင်း (၅၀) ကျော်လွန်ပြီ ဖြစ်သည့် ယခုကာလတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ကျောက်ခတ်သမိုင်းစဉ်ဆိုင်ရာ သုတေသနပြုမှုအကြိမ်ပေါင်း များစွာမှ အသစ်အသစ်သော တွေ့ရှိချက်များ တွေ့ရှိခဲ့ပါကြောင်း၊ ထို့အတူ သိပ္ပံနည်းကျသက်တမ်း တွက်ချက်မှုများကြောင့် အချို့သမိုင်းခေတ်များမှာ များစွာ ပီပြင်ပုံပေါ်လာပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သမိုင်းခေတ်များကို ပြန်လည်ပြင်ဆင် ရေးသားပြုစု ထုတ်ဝေရန် လိုအပ်လာပြီဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်း/ပြည်ပ သုတေသီများ၊ ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများ အနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းစဉ် ပြောင်းလဲဖြစ်တည်မှုကို သိရှိကိုးကားနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာလူမျိုးများသည် မြန်မာ့ရေမြေတွင် ပေါက်ဖွားကြီးပြင်းလာပြီး သမိုင်းခေတ်ကာလအဆင့်ဆင့်ကို ကျော်ဖြတ်လျက် ယနေ့ခေတ် ကာလအထိ ရောက်ရှိခဲ့သည်ကို ခိုင်ခိုင်မာမာ ဖော်ထုတ်နိုင်ပြီး မိမိလူမျိုး ၊ မိမိနိုင်ငံနှင့် မိမိတို့ သမိုင်းအတွက် ဂုဏ်ယူနိုင်မည်မှာ ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် အကျိုးရလာဒ်၊ မျှော်မှန်းသည့် မြန်မာ့ရှေးဦးသမိုင်းစဉ် ပြောင်းလဲမှု၏ ခိုင်မာသည့် အထောက်အထားများကို သိရှိရပါသည်။