ရှေးဟောင်းကမ္ပည်းကျောက်စာပညာရပ်ဆိုင်ရာအထူးမွမ်းမံသင်တန်း (ပျူစာပေနှင့်ပါဠိ၊သက္ကတ)အဆင့်(၂) Level – II သင်တန်းဖွင့်လှစ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ လေ့ကျင့်ရေးနှင့် သင်ကြားရေးအစီအစဉ်အရ ဌာနတွင်း သုတေသနဝန်ထမ်းများ စွမ်းရည်မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ရှေးဟောင်းကမ္ပည်း ကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူစာပေနှင့် ပါဠိ၊သက္ကတ) အဆင့်(၂) Level – II သင်တန်းဖွင့်ပွဲကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်း(၀၉:၁၅)နာရီ အချိန်တွင် ကျင်းပပြုလုပ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမောင်မောင်ဆွေ၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်၊ ရန်ကုန် ဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းဆရာနှင့် သင်တန်းသူသင်တန်းသားများ တက်ရောက်ကြ သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ယခု သင်တန်းသည် ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးသင်တန်းဖြစ်ကြောင်း၊ ယခင် အဆင့်(၁) Level I ကို (၆)လအကြာ သင်ကြားပို့ချခဲ့ပြီးဖြစ်၍ ယခုသင်တန်းမှာ အဆင့်(၂) Level – II သင်တန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သမိုင်းတင်ခေတ်ဦးကာလပျူခေတ်ကပင် ကမ္ပည်း ကျောက်စာ ရေးထိုးမှတ်တမ်းတင်သည့်ဓလေ့ စတင်ထွန်းကားခဲ့ရာမှ ပုဂံခေတ်၊ ပင်းယ-အင်းဝခေတ်၊ တောင်ငူခေတ်၊ ဟံသာဝတီခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်စသည့် မြန်မာ့သမိုင်းစဉ် တစ်လျောက်၌ ကမ္ပည်းစာပေများရေးထိုး မှတ်တမ်းတင်သည့် ဓလေ့ဆက်လက် ရှင်သန်ထွန်းကား ခဲ့ပါကြောင်း၊ ယနေ့ခေတ်ကာလအထိလည်း ယင်းဓလေ့ ဆက်လက်ရှင်သန်နေပါကြောင်း၊ ရှေးကမ္ပည်း ကျောက်စာများကို ပျူ၊မွန်၊ ပါဠိ၊ သက္ကတ၊ မြန်မာ စသည့်ဘာသာစကားကို အသုံးပြု၍ ရှေးကျောက်စာ များကို ရေးထိုးခဲ့ပါကြောင်း၊ ရှေးကမ္ပည်းကျောက်စာများသည် ခိုင်မာသည့်သမိုင်းဆိုင်ရာ အထောက်အထားများ ဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ရှာ‌ဖွေဖော်ထုတ် ထိန်းသိမ်းရာတွင် အဓိကအရေးပါသော ခိုင်မာသောအထောက်အထားများဖြစ်၍ ရှေးခေတ်က ရေးထိုးခဲ့သည့် ကျောက်စာများကို ပြည့်စုံမှန်ကန်စွာ ဖတ်ရှု့နိုင်ပါက သမိုင်းခေတ် အသီးသီးတွင် လှစ်ဟာနေသည့်၊ ဖြည့်စွက်ရန်လိုနေသည့် အကြောင်းအရာများ၊ ကွင်းဆက်ပြတ်နေသည့် အချက်များ ကို ဖြည့်စွက်လာနိုင်မည်ဖြစ်၍ ခိုင်မာပြည့်စုံသည့် မြန်မာ့သမိုင်းဖြစ်ရေးကို များစွာအထောက်အပံ့ ပြုနိုင်ပါကြောင်း၊ ဌာနအနေဖြင့်လည်း ရှေးဟောင်းကမ္ပည်းကျောက်စာများကိုဖတ်ရှု၍ ခေတ်အက္ခရာ ပြန်ဆိုခြင်း၊ သုတေသီကျောင်းသား၊ အများပြည်သူတို့ လေ့လာနိုင်ရန် ကျောက်စာစာအုပ်များ ပြုစု ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤဌာနကို စတင်ဖွဲ့စည်းစဉ်က ဌာန၏အမည်ကို ကမ္ပည်းကျောက်စာဌာနဟူ၍ဖွဲ့စည်းခဲ့ရာ ကမ္ပည်းကျောက်စာများ၏ အရေးပါပုံ၊ အသုံးဝင်ပုံ၊ တန်ဖိုး ကြီးမားပုံကို သိရှိနိုင်ပါကြောင်း၊ ကမ္ပည်းကျောက်စာများကို ဖတ်ရှုနိုင်စေရန် ပျူဘာသာ၊ ပျူစာပေကို ဖတ်ရှုနိုင်စေရန်ဖွင့်လှစ်သည့် အထူးသင်တန်းဖြစ်သည့်အတွက်  သင်တန်းသား/သင်တန်းသူများ အနေဖြင့် သင်တန်းကို အလေးအနက်ထားကာ မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးပမ်းအားထုတ် သင်ယူလေ့လာကြရန် တိုက်တွန်းမှာကြားပါသည်။

အဆိုပါသင်တန်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး)  ဒေါက်တာမောင်မောင်ဆွေ၊ ရန်ကုန်တက္ကသိုလ်မှမြန်မာစာပါမောက္ခ/ဌာနမှူး(ငြိမ်း) ဒေါက်တာညိမ်းညိမ်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်း၊ ပျူကျောက်စာပညာရှင် မစ္စတာမစ်ကီဟတ်တို့က ပျူအက္ခရာ၊ ပျူသဒ္ဒါနှင့် ပျူစာကိုလည်းကောင်း၊ ဒဂုံတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခ/ဌာနမှူး(ငြိမ်း) ဦးအေးမင်းက ပါဠိဘာသာနှင့် သက္ကတ ဘာသာကိုလည်းကောင်း သင်ကြားပို့ချပါသည်။ ယခု Level – II ၏  ပထမအပိုင်း  သင်တန်းကာလမှာ (၁၃. ၆. ၂၀၂၂) ရက်နေ့မှ (၁၅. ၇. ၂၀၂၂)ရက်နေ့အထိဖြစ်ကြောင်း ၊ Level တစ်ခုကို အပိုင်း (၃) ပိုင်း ခွဲခြား၍ အပိုင်းတစ်ပိုင်း၏ သင်တန်းကာလမှာ (၁) လ ဖြစ်ပြီး၊ စုစုပေါင်း Level (၄)ခုဖြင့် စာတွေ့/ လက်တွေ့ (၁)နှစ်၊ စာတမ်းများပြုစုခြင်း (၆)လဖြင့် သင်ကြားပို့ချသော  ဒီပလိုမာအဆင့် အထူးသင်တန်းဖြစ်ကြောင်း သတင်းရရှိပါသည်။