မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုပြီး မူကြမ်းနှင့်ပတ်သက်၍ ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလ သမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလသမိုင်းစဉ်တို့နှင့် ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီ ဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု ‌ဖော်ထုတ် တွေ့ရှိချက် များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးသားနိုင်ရန် အတွက် လက်တွေ့တူးဖော်သုတေသနပြုသည့် ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ အတွေ့အကြုံရင့် အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်ကြီးများ၊ ပြင်ပမှ ဝါသနာပါသူ ပညာရှင်များ၊ ဝန်ထမ်းများ၏ ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို (၂၀-၆-၂၀၂၂) ရက်နေ့မှ (၂၂-၆-၂၀၂၂) ရက်နေ့တို့တွင် အမျိုးသားပြတိုက် ( ရန်ကုန် )၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

          မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသောဆွေးနွေးပွဲဖြစ်သည့် အားလျော်စွာ မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁)၊ ဦးသန်းဆွေ၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ ဒေါက်တာတိုးလှနှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် နှင့်  အရာရှိကြီးများ၊  အကြံပေး ပညာရှင်များ၊ ပျူခေတ်သုတေသနတူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သောအရာရှိကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ စုစုပေါင်း (    ၇၀   ) ဦးတို့ တက်ရောက် ကြပါသည်။

          ဆွေးနွေးပွဲအစီအစဉ်အရ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဦးသိန်းလှိုင်က “ပျူခေတ်ကာလ သမိုင်းစဉ်”  (မူကြမ်း)ကို ဖတ်ကြားတင်ပြဆွေးနွေးပါသည်။

          ဆွေးနွေးပွဲ နေ့လည်ပိုင်းအစီအစဉ်ကို မွန်းလွဲ ( ၁၃ : ၀၀ ) နာရီတွင် ပြန်လည် စတင်ရာ မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲ့ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရေးအတွက် အဆင့်ဆင့်ပြုလုပ်လာခဲ့သော ဆွေးနွေးပွဲများထဲမှ သမိုင်းတင်ခေတ်ဦး မြို့ပြတည်ထောင်မှုကာလဖြစ်တဲ့ ပျူခေတ်ကာလသမိုင်းစဉ်များနဲ့ တွေ့ရှိချက်များကို ဆွေးနွေးမည့်ပွဲဖြစ်ပါသည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနကလည်း တူးဖော်သုတေသန ပြုမှုများကို စဉ်ဆက်မပြတ် တူးဖော်ခဲ့ တူးဖော်ဆဲ ဖြစ်ပြီး တူးဖော်မှုအသစ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျူခေတ်သရေခေတ္တရာ ပျောက်ကွယ်သွား ပြီးနောက် ပုဂံခေတ် ယုံလွှတ်ကျွန်း မှာ ပျူ ၁၉ ရွာ စုစည်းမြို့တည်သောအချိန် အထိ နှစ်ပေါင်း ၂၀၀ခန့် သမိုင်းကွင်းဆက်ပြတ်နေပြီး ဒီကွင်းဆက်ကို ဆက်လို့ရလိုရငြား ယုံလွှကျွန်း နေရာမှာ ၂၀၂၁ ခုနှစ် အတွင်းက စတင်တူးဖော်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသမိုင်းအဖွဲ့က ရေးသားပြုစု လျက်ရှိရာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့်ကာလ၊ သမိုင်းတင် ခေတ်ဦးပိုင်း၊ ပျူခေတ်ကာလတို့နှင့် ပတ်သက်၍( မူကြမ်း ) ရေးသား ပြီးစီနေပြီဖြစ်ကြောင်း၊ အလားတူ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ပရိုင်းမိတ်ကာလ သမိုင်းစဉ်ကို (မူကြမ်း) ရေးသားထားပြီး ဖြစ်ပါကြောင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ၊ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်း တွက်ချက်မှုများ၊ ပြည်တွင်း၊ ပြည်ပပညာရှင် များ၏ ဖော်ထုတ်တွေ့ရှိချက် များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ် ရရှိနိုင်ရန်အတွက် လက်တွေ့ တူးဖော်သုတေသနပြုခဲ့သည့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရှိ ဝန်ထမ်းများ၊ မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်ကြီးများ ပါဝင်သော ယခုကဲ့သို့ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင်  ပျူခေတ်ကာလ သမိုင်းစဉ်ကို အဓိကဆွေးနွေးမည်ဖြစ်၍ ရှေးဟောင်းသုတေသနဆိုင်ရာအသစ် သုတေသန တွေ့ရှိချက်များကို ပြည်ပအဖွဲ့အစည်းများမှ ပညာရှင်များ၏ အထောက်အထားဆိုင်ရာ သုံးသပ်ချက်များ၊ သက်တမ်းတွက်ချက်မှုများဖြင့် ပေါင်းစပ်ဖြည့်စွက် ပေးနိုင်မည်ဖြစ်ပြီး ပျူခေတ်ကာလသမိုင်းစဉ်( မူကြမ်း )ရေးသားထားမှု ပိုမိုပြည့်စုံ၍ အထောက်အထားခိုင်မာလာမည် ဖြစ်ကြောင်း၊ ပရိုင်းမိတ်ကာလ မှစတင်၍ ပျူခေတ်ကာအထိ အကြောင်းအရာတွေကို မြန်မာ့သမိုင်းအဖွဲ့က ပညာရှင်တွေ ရေးသားခဲ့ပြီးဖြစ်သလို ‌ရှေးဟောင်းသုတေသနပညာရှင်တွေ လက်ထဲမှာ အထောက်အထားတွေ စာတမ်းတွေ ရှာဖွေပြုစုထားပြီးဖြစ်ပါကြောင်း၊ သမိုင်းဆိုတာ တွေ့ရှိချက်နှင့် ထောက်ခံချက်ကို အခြေခံပြုစုရသည်ဖြစ်ပါကြောင်း၊ သမိုင်းတစ်ခုသည် နှစ်ကာလာ ဝေးကွာလေ ခိုင်မာသည့် အထောက်အထားနည်းပါးလေ၊ ကောက်ချက်အားနည်းလေ ဖြစ်တတ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခိုင်မာသော တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ် ပေါ်ပေါက်လာစေရန် ကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ရခြင်းမှာ  ပြည်သူလူထုအတွက် ပြည့်စုံမှန်ကန်သည့် ပျူခေတ်သမိုင်းစဉ် ဖော်ပြနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာ ကိုးကားစရာအဖြစ် လွန်ခဲ့သော နှစ်ပေါင်း ( ၅၀ ) ကျော် ကာလက ရေးသား ထားသည့် အခြေပြမြန်မာနိုင်ငံရေး သမိုင်းသာ ရှိခဲ့ရာမှ နောက်ပိုင်းတွင် ပြည်တွင်း ပြည်ပပညာရှင်များ၏ ရှေးဟောင်းသုတေသနနှင့် မြန်မာ့သမိုင်းဆိုင်ရာ တူးဖော် သုတေသန ပြုတွေ့ရှိချက်အသစ်များ၊ အထောက်အထား အသစ်များ၊ ခိုင်မာသည့် ဓာတ်ခွဲခန်းများမှ သက်တမ်းတွက်ချက်မှုများ ထပ်မံတွေ့ရှိလာရပြီး သမိုင်းခေတ်မှာ ရုပ်လုံးပေါ် ပြည့်စုံလာပြီ ဖြစ်သည့်အတွက် မိမိတို့ကာလတွင် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့် ရလဒ်ကို မျှော်မှန်းနိုင်ပြီ ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများက သမိုင်းခေတ် ကာလအလိုက် တာဝန်ယူ ပြုစုရေးသားမှုများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သုတေသနပြု တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်ပြီး Documentary ရိုက်ကူးမှတ်တမ်း တင်နိုင်သည်အထိပါ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေးသားပြုစု ထားသည့်( မူကြမ်း ) အတွက် ဖြည့်စွက်လို သည်များရှိပါက လိုရင်းတိုရှင်း ဆွေးနွေးပေးပါရန်နှင့် ခိုင်မာသည့် အထောက်အထားများဖြင့်ပါ စာနှင့် Soft Copy / Hard Copy ပေးပို့ရန် ဖြစ်ပါကြောင်း၊ ဆွေးနွေးဖြည့်စွက်ပေးသည့် ဌာနဆိုင်ရာနှင့် ပြင်ပပညာရှင်များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ပြင်ပမှ လာရောက်လေ့လာသည့် ပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ မြန်မာသမိုင်း အဖွဲ့နှင့် သမိုင်းပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရှင်ကြီးများ၊ ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများ စွမ်းဆောင်မှုများကို ယခုထက်ပိုမို ဆောင်ရွက်နိုင်ပါစေရန် ဆုတောင်းမေတ္တာပို့သပါကြောင်းနှင့် အထူးကျေးဇူး ဥပကာရ တင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          နေ့လည်ပိုင်းတွင် ပျူခေတ်ကာလ သမို်ငးစဉ်( မူကြမ်း ) ကို ဆက်လက်ဆွေးနွေး၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ နောက်ဆုံးသုတေသနပြုတွေ့ရှိချက်များ၊ နိုင်ငံတကာဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတွေ့ရှိချက်များ၊ သက်တမ်းတွက်ချက်မှုများအား ဖြည့်စွက် တင်ပြဆွေးနွေးသည်။ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ်ကာလ သမိုင်းစဉ်ဆွေးနွေးပွဲကို ( ၂၀ – ၆ – ၂၀၂၂ ) ရက်နေ့မှ (၂၂ – ၆ – ၂၀၂၂ ) ရက်နေ့အထိ စုစုပေါင်း ( ၃ ) ရက် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ဆွေးနွေးဖြည့်စွက်ချက်များကို ပြန်လည်ပြင်ဆင်၍ ဒုတိယအကြိမ် ထပ်မံဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း အလားတူ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ် သမိုင်းစဉ်ဆွေးနွေးပွဲကို  ( ၂၀-၆-၂၀၂၂ ) ရက်နေ့မှ ( ၂၂-၆-၂၀၂၂ ) ရက်အထိ အမျိုးသားပြတိုက်( ရန်ကုန် ) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ ပညာရှင်များ ပါဝင်ဆွေးနွေးနိုင်ပါကြောင်း၊ ပါဝင်ဆွေးနွေးလိုသည့် ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြုတွေ့ရှိချက်များ၊ တွေ့ရှိထားသည့် ခိုင်မာသော အထောက်အထားများကိုပါ ပူးတွဲယူဆောင်၍ အထောက်အထားတင်ပြဆွေးနွေးရန် လိုအပ်ပါကြောင်းနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဖုန်း – 095061832 ၊ Email : departmentofarchaeologyygn@gmail.com များသို့ ကြိုတင်ဆက်သွယ်ရန် စာရင်းပေးထားရန် လိုအပ်ပါကြောင်း သတင်းရရှိပါသည်။