မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ဆွေးနွေးပွဲ နှင့်ပတ်သက်၍ မြို့ပြတည်ထောင်မှုစတင်ခဲ့သော ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို အမျိုးသားပြတိုက် ( ရန်ကုန် )၊ ဘက်စုံခန်းမ၌ ယနေ့ ( ၂၁ – ၆ – ၂၀၂၂ )ရက်နေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက် ပြုလုပ်ခဲ့ပါသည်။
မြန်မာ့သမိုင်းစဉ်၏ ပျူခေတ်ဟု လူသိများသောကာလသည် မြန်မာနိုင်ငံ၏ မြို့ပြ တည်ထောင်မှု စတင်ခဲ့သော ကာလဖြစ်ပြီး သမိုင်းတင်ခေတ်၏ ကျယ်ပြန့်သော လူမှုဘာသာရေးများ ထွန်းကားခဲ့သည့် ကာလဖြစ်ပါသည်။ ထိုဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁)၊ ဦးသန်းဆွေ၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ ဒေါက်တာတိုးလှနှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် အရာရှိကြီးများ၊ အကြံပေး ပညာရှင်များ၊ ပျူခေတ်သုတေသနတူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီး များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ စုစုပေါင်း ( ၆၉ ) ဦးတို့ တက်ရောက် ကြပါသည်။
ဆွေးနွေးပွဲအစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် နေထိုင်အခြေချခဲ့သည့် “မိုင်းမော( ပင်လယ် )မြို့ဟောင်း တူးဖော်တွေ့ရှိချက်များ”ဟူ၍ နောက်ဆုံးတူးဖော်တွေ့ရှိချက်များကိုလည်းကောင်း၊ ဗိဿနိုးဌာနစု မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဖြိုးပြည့်ကိုကိုက “ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်း၏ ရေအသုံးချမှုနှင့်စီမံခန့်ခွဲမှု ဆိုင်ရာ နှောင်းတွေ့အထောက်အထားများ” ဟူ၍ ယခုကာလအထိ တူးဖော်သုတေသနပြုတွေ့ရှိချက်များကို လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ဗုဒ္ဓဉာဏ်တော် (၁၄)ပါး၊ ပျူအက္ခရာ၊ ပျူခေတ်စာပေ၊ လက်ရေး အက္ခရာ များအကြောင်းနှင့် စပ်လျဉ်း၍ ခင်ဘကုန်းရှိ ဌာပနာတိုက်အတွင်း တူးဖော်တွေ့ရှိရမှု၊ အိန္ဒိယနိုင်ငံ အက္ခရာ အရေးအသားများနှင့် နှိုင်းယဉ်၍လည်းကောင်း ပျူခေတ်အက္ခရာ အရေးအသားများမှ Ikshavakus အရေးအသား ဖြစ်ကြောင်းကိုလည်းကောင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသိန်းလွင် က ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများ တူးဖော်မှုမှ အသစ်တွေ့ရှိမှုများနှင့် သမိုင်းကြောင်း ပြောင်းလဲစေ သည့် တွေ့ရှိမှုများကိုလည်းကောင်း၊ ပျူခေတ်ဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များကို လည်းကောင်း တင်ပြ ဆွေးနွေးပါသည်။
ပျူခေတ်ကာလ သမိုင်းစဉ်( မူကြမ်း ) ကို မြန်မာသမိုင်းအဖွဲ့မှ သမိုင်းပညာရှင်ကြီးများနှင့် ဆက်လက်ဆွေးနွေး၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ နောက်ဆုံး သုတေသနပြုတွေ့ရှိချက်များ၊ နိုင်ငံတကာပညာရှင်များနှင့်ပူးပေါင်း၍ ပျူယဉ်ကျေးမှု အထောက်အထားများ သုတေသနပြု တွေ့ရှိချက်များနှင့် ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတွေ့ရှိချက်များ၊ သက်တမ်းတွက်ချက်မှုများအား ဖြည့်စွက်တင်ပြဆွေးနွေးကြပါသည်။ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ်ကာလ သမိုင်းစဉ်ဆွေးနွေးပွဲကို ( ၂၂ – ၆ – ၂၀၂၂ ) ရက်နေ့တွင် တတိယနေ့အဖြစ် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးကြသည့် အချက်အလက်များကို ပြန်လည် ပြင်ဆင်ဖြည့်စွက်၍ ထပ်မံဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။