မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလ သမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလသမိုင်းစဉ်တို့နှင့် ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီ ဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု ဖော်ထုတ် တွေ့ရှိချက် များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးသားနိုင်ရန် အတွက် လက်တွေ့တူးဖော်သုတေသနပြုသည့် ပညာရှင်များ၊ တက္ကသိုလ်များ ဘူမိဗေဒဌာနများမှ ပရိုင်းမိတ်ပညာရှင်များနှင့် အငြိမ်းစား ပရိုင်းမိတ်ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့် အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်ကြီးများ၊ ပြင်ပမှ ဝါသနာပါသူ ပညာရှင်များ၊ ဝန်ထမ်းများ၏ ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို (၂၇-၆-၂၀၂၂) ရက်နေ့နှင့် (၂၈-၆-၂၀၂၂) ရက်နေ့တို့တွင် အမျိုးသားပြတိုက်(ရန်ကုန်)၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁)၊ ဦးသန်းဆွေ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါ်စန္ဒာခင် နှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ အရာရှိကြီးများ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်၊ မကွေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်၊ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခ ဒေါက်တာ ဇင်မောင်မောင်သိန်းနှင့် အငြိမ်းစား ပရိုင်းမိတ်ပညာ ရှင်ကြီးများ၊ ပရိုင်းမိတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ တက်ရောက် ကြပါသည်။
ဆွေးနွေးပွဲအစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ပရိုင်းမိတ်ကာလ မြန်မာ့သမိုင်းစဉ် ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ သမိုင်းမတင်မီ ကာလမှစတင်၍ ခေတ်အဆက်ဆက် တိုးတက်ဖွံ့ဖြိုးလာသော သမိုင်းခေတ် ဆင့်ကဲဖြစ်စဉ်များအရ ပရိုင်းမိတ်ကာလမှစ၍ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်များဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရသည့် သက်နှောင်းကပ်သက်တမ်းရှိပုံတောင်ကျောက်လွှာစုမှ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများ အကြောင်းကိုလည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က မြန်မာနိုင်ငံ၏ ပရိုင်းမိတ်သုတေသနလုပ်ငန်းနှင့် တွေ့ရှိခဲ့ သော ပုံတောင်ကျောက်လွှာစုမှ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများ၊ မြန်မာနိုင်ငံမှ တွေ့ရသော ပရိုင်းမိတ် အမျိုးအစား မျိုးစု မျိုးစိတ် (၈)မျိုးနှင့် အဆင့်နိမ့်မျိုးစိတ်(၂)မျိုး ပုံတောင်ကျောက်လွှာစု၏ သက်တမ်းသည် နှစ်သန်း( ၄၀ )သန်းအထိ ရှေးကျကြောင်း ပြန်လည် ရှင်းလင်း ပြောကြားပြီး ပုံတောင်ကျောက်လွှာစုမှ နောက်တွေ့ပရိုင်းမိတ် အထောက်အထား နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်သစ်ငြိမ်းက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် သက်နှောင်းကပ် သက်တမ်းရှိ ဧရာဝတီကျောက်လွှာစုမှ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများအကြောင်းကို လည်းကောင်း၊ မကွေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက် က ဧရာဝတီ ကျောက်လွှာစုမှ ရရှိသော ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများ အကြောင်းနှင့် နောက်တွေ့ အထောက်အထားများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေး ခဲ့ပါသည်။
ပရိုင်းမိတ်ကာလ သမိုင်းစဉ်(မူကြမ်း)ကို မြန်မာသမိုင်းအဖွဲ့မှ သမိုင်းပညာရှင်ကြီးများ ပရိုင်းမိတ်ပညာရှင် ဦးအေးကိုအောင်၊ ဒေါက်တာမောင်အောင်၊ ဒေါက်တာဇင်မောင်မောင်သိန်းတို့က ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများ၊ သုတေသနပြုတွေ့ရှိချက်များနှင့် ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတွေ့ရှိချက်များ၊ သက်တမ်းတွက်ချက်မှုများအား ဖြည့်စွက်တင်ပြ ဆွေးနွေးသည်။ မြန်မာ့သမိုင်းစဉ် ဆိုင်ရာ ပရိုင်းမိတ်ကာလ သမိုင်းစဉ်ဆွေးနွေးပွဲကို ( ၂၈-၆-၂၀၂၂ ) ရက်နေ့တွင် အမျိုးသားပြတိုက် ( ရန်ကုန် )၊ ဘက်စုံခန်းမ၌ ဆက်လက်ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း၊ ပါဝင်ဆွေးနွေးလိုသူ ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြု တွေ့ရှိချက်များ၊ ခိုင်မာသော အထောက်အထားများကိုပါ ပူးတွဲယူဆောင်၍ အထောက်အထား တင်ပြဆွေးနွေးရန် လိုအပ်ပါကြောင်းနှင့် လေ့လာလိုသူများအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဖုန်း-095061832၊ Email: departmentofarchaeologyygn@gmail.com များသို့ ကြိုတင်ဆက်သွယ်ရန် စာရင်းပေးထားရန် လိုအပ်ပါကြောင်း သတင်းရရှိပါသည်။