ပရိုင်းမိတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ပရိုင်းမိတ်ကာလသမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ (၂၈-၆-၂၀၂၂) ရက်နေ့တွင် အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ဆက်လက်ပြုလုပ်ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဦးသန်းဆွေ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်၊ မကွေးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်၊ ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခ၊ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခများ၊ အငြိမ်းစား ပရိုင်းမိတ်ပညာရှင်ကြီးများ၊ ပရိုင်းမိတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ တက်ရောက်ကြပါ သည်။

ဆွေးနွေးပွဲအစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပရိုင်းမိတ်ကာလသမိုင်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံပထဝီဝင် ပေါ်ပေါက်လာပုံများအကြောင်း၊ ဘူမိဗေဒပညာရှင်ကြီးများ၏ တင်ပြဆွေးနွေးချက်များနှင့် ပရိုင်းမိတ်ပညာရှင်များက မြန်မာနိုင်ငံ၏ ပရိုင်းမိတ်ကာလသမိုင်းစဉ် ရေးသားပြုစုချက်များကို အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ ထို့နောက် ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခ ဒေါက်တာစိုးမိုးလွင် က “Cenozoic Paleogeography of Myanmar (65-0 Ma ( Millennium Year Ago))” ကုန်းမြေချပ်များ ဆင့်ကဲပြောင်းလဲလာပုံနှင့် လွန်ခဲ့သော နှစ်သန်းပေါင်း (၆၅) သန်း က မြန်မာနိုင်ငံသည် ကမ္ဘာ့တောင်ဘက်အခြမ်းတွင် တည်ရှိခဲ့ပြီး Plate (၂)ချပ် ပွတ်တိုက်ခြင်းဖြင့် ယနေ့ခေတ် ကမ္ဘာ့မြောက်ဘက်အခြမ်းတွင် တည်ရှိလာပုံအကြောင်းကို လည်းကောင်း၊ ဒုတိယ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာမောင်မောင် က “Stratigraphy of the primate-bearing beds of the Eocence Pondaung Formation at Paukkaung area, Myanmar” နှင့် စပ်လျဉ်း၍ Upper Memberနှင့် Lower Member များတွင် တွေ့ရှိသည် များကိုလည်းကောင်း၊ ဒဂုံတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာအေးကိုအောင်က မြန်မာနိုင်ငံတွင် ဒိုင်နိုဆောကျောက်ဖြစ် ရုပ်ကြွင်း တွေ့ရှိနိုင်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင် က ပုံတောင်ပရိုင်းမိတ်ဒေသရှိ လူတူပရိုင်းမိတ်များ အကြောင်း(မူကြမ်း)၊ ယင်းဒေသရှိ မျိုးရင်း၊ မျိုးစိတ်များအကြောင်းနှင့် သိရှိလိုသည်များကို လည်းကောင်း၊ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခ ဒေါက်တာဇင်မောင်မောင်သိန်း မှ တွေ့ရှိရသည့် ပရိုင်းမိတ်ဒေသများအရှိ မျိုးစု(Genus) များနှင့် မျိုးစိတ်(Species) တွေ့ရှိမှုများကို ခွဲခြားဖော်ပြ ရေးသားခြင်းများအကြောင်း၊  ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးမှ “Primate of Myanmar” အနေဖြင့် ပရိုင်းမိတ်ဖြစ်စဉ်များ ဆင့်ကဲဖြစ်ပေါ်လာပုံ များ အကြောင်း ရေးသားပြုစုပေးပါရန် အကြံပြုဖြည့်စွက်ဆွေးနွေး ပြောကြားပါသည်။

ဘူမိဗေဒဘာသာရပ်အရ မြန်မာနိုင်ငံ၏ ကုန်းမြေဖြစ်ပေါ်ခဲ့သည့် အယူအဆကို လည်းကောင်း၊ မြန်မာနိုင်ငံ၏ ပရိုင်းမိတ်ကာလ သမိုင်းစဉ်ကိုလည်းကောင်း၊ နောက်ဆုံး အသစ် တွေ့ရှိမှုများပေါ်တွင် အထောက်အထား ခိုင်ခိုင်မာမာ အခြေပြု၍ ပြည့်စုံစွာရေးသားနိုင်ရန် အတွက် ပညာရှင်များက ပြင်ဆင်ဖြည့်စွက် အကြံပြုကြပါသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် က ပရိုင်းမိတ်ကာလသမိုင်းစဉ် လူတူပရိုင်းမိတ်အဆင့်မှ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ထိုမှ မြို့ပြလူနေမှု အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုအကြောင်း၊ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း ဒေသများကို ထိန်းသိမ်းထားရှိမှုအကြောင်း၊ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း ဒေသများအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် လျာထားဆောင်ရွက်နေမှု၊ ကာကွယ် ထိန်းသိမ်းရန်လိုအပ်မှု၊ ဆက်လက်တူးဖော် သုတေသနပြုရန် အလားအလာ ကောင်းမွန်သော နေရာများအား Short term , Long Term သုတေသန အစီအစဉ်များဖြင့် လျာထားမှု ပြည်သူ လူထုအား ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်သော အသိပညာဖြန့်ဝေမှု၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက်အောင် ဒေသခံများနှင့် ပြည်သူလူထုက ဝိုင်းဝန်းကူညီရန် လိုအပ်မှုများ ဆွေးနွေးခဲ့ပါသည်။

တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ကြေးခေတ်၊ သံခေတ်ကာလ သမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ပျူခေတ်ကာလသမိုင်းစဉ်၊ ပရိုင်းမိတ်ကာလ သမိုင်းစဉ် (မူကြမ်း)များ ရေးသားပြီးပါက Review Meeting ကို ထပ်မံကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊ ဖြည့်စွက်အကြံပြုလိုသော ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြု တွေ့ရှိချက်များ အား ခိုင်မာသော အထောက်အထားများဖော်ပြ၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)၊ ဖုန်း- ၀၆၇-၄၀၈၀၄၀၊ Email: doa.npt408040@gmail.com များသို့ အချက်အလက်များအား Review Meeting မပြုလုပ်မီအချိန်မီ ပေးပို့နိုင်ပါကြောင်း သတင်းရရှိ ပါသည်။