သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ၆-၇-၂၀၂၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်၀၉၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနယဉ်ကျေးမှု ရတနာခန်းမ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ပညာသင်ကျောင်းနေ ကျောင်းသူ/ ကျောင်းသားများ လိမ္မာကြိုးစားကြ၍ ရရှိလာသောအောင်မြင်မှု များကို အားပေးချီးမြှင့်သည့် အခမ်းအနားတစ်ခု ဖြစ်ပါကြောင်း၊ ကျောင်းနေ သားသမီးများကို အထူးတလည် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည့်အတွက် ရှေ့ဆက် ပညာသင်ကြားရာတွင် မလျှော့သော လုံ့လဝီရိယဖြင့် လိမ္မာစွာ ဆက်လက် ကြိုးစားအားထုတ်ကြစေလိုပါကြောင်း၊

          ကျောင်းနေသားသမီးများအနေနှင့်  ပညာရေးကို တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ကြ၍ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ပါကြောင်း၊ ပညာကို အထူး အာရုံပြုပြီး ကြိုးစားခဲ့ကြ၍ ယခုကဲ့သို့ အောင်မြင်မှုများ ရရှိလာခြင်းဖြစ်ပါကြောင်း၊

          မိနီကလေး ဘယ်ကလာ၊ အိမ်က ထွက်လို့လာ။

          မိနီကလေး ဘယ်ကိုသွား၊ စာသင်ကျောင်းကို သွား။

          စာသင်ကျောင်းက ဘာကိုသင်၊ စာရေး စာဖတ်သင်။

          စာရေး စာဖတ် ဘာလုပ်ဖို့၊ မိနီ လိမ္မာဖို့။ ဟူသော အနှစ်သာရအလွန်ကောင်းမွန်သည့် ကဗျာ လေးကဲ့သို့ ကျောင်းနေသားသမီးများသည်လည်း လိမ္မာစေရန် မိနီကလေးကဲ့သို့ ကျောင်းစာများကို သင်ယူရမည်ဖြစ်ပါကြောင်း၊

          ယခု ကျောင်းနေသားသမီးများကလည်း လိမ္မာသည့် သားသမီးများအဖြစ် ထူးချွန်စွာ အောင်မြင်သွားသော အစ်ကို/ အစ်မများကို အတုယူ၍ ပိုမိုထူးချွန်အောင် ကြိုးစားအားထုတ်စေ လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်း(ဒသမတန်း)၏ ဘဝတစ်ဆစ်ချိုး အလှည့်အပြောင်းစာမေးပွဲကို မိမိအပါအဝင် မိဘဆရာများ ဂုဏ်ယူဝမ်းမြောက်နိုင်လောက်အောင် ကြိုးစားပြစေလိုကြောင်း၊

          ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်သကဲ့သို့ ကျောင်းနေ သား သမီးများကိုလည်း တွန်းအားပေးသည့်အနေဖြင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါကြောင်း၊ ဂုဏ်ထူးတစ်ဘာသာကို ယခင်နှစ်များက သုံးသောင်းကျပ် ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင် ထိုက်ထိုက်တန်တန်နှင့် ပိုမိုကြိုးစားလိုစိတ်ရှိစေရန် တွန်းအားပေးသည့်အနေဖြင့် တစ်သိန်းအထိ တိုးမြှင့် ပေးထားပါကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ဆရာ့ထက်သာသည့် တပည့်မျိုး ဖြစ်လာစေရန် ကြိုးပမ်းအားထုတ်စေလိုပါကြောင်း၊ ထိုနည်းတူ မိဘများကလည်း မိဘထက်သာသော သားသမီးမျိုး ကို မြင်စေလိုမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်တစ်ချိန်တွင် ဆရာထက်သာသော တပည့်၊ မိဘ ထက် ထူးချွန်သော လူတော်လူကောင်းများအဖြစ် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ဆောင်ရွက်နေကြသည်ကို မြင်တွေ့လိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မောင်သန့်ဇော်၊ မောင်အံ့ဩ၊ မပန်ဆုမင်းလွင်နှင့် သုံးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မမြတ်ကြာဖြူစိုးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

              ဒုတိယဝန်ကြီး ဦးအေးထွန်းက နှစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ (၉)ဦးအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက တစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ (၈)ဦးအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

              ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ များ၊ စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြု ဆုငွေနှင့် ပညာသင်ထောက်ပံ့ငွေများကို အသီးသီး ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

              ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မောင်သန့်ဇော်က ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များသည် ကျောင်းသားကျောင်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

              ယနေ့ကျင်းပသည့်အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးမှ ကျောင်းသား/ ကျောင်းသူ (၁၉၆၄)ဦးအတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်မှု ငွေကျပ် ၁၄၂၈၄၀၀၀ ကိုလည်းကောင်း၊  တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၇၁ ဦးအနက် ရိုးရိုးအောင်မြင်သူ ၄၆ ဦးအား တစ်ဦးလျှင် ကျပ်ငါးသောင်း၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃ ဦး တို့အား ဂုဏ်ထူးတစ်ခုလျှင် တစ်ဘာသာ တစ်သိန်းနှုန်းဖြင့် ချီးမြှင့်ငွေကျပ် ၆၈၀၀၀၀၀ ကိုလည်းကောင်း၊ ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ထောက်ပံ့ချီးမြှင့်ငွေကျပ် ၂၁၀၈၄၀၀၀ ဖြစ်ကြောင်း သတင်းရရှိပါသည်။