ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ၌ ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲ (၄/၂၀၂၂)ကျင်းပ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် လ (၈)ရက်နေ့၊ နံနက်(၀၈:၄၅)နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား(၄/၂၀၂၂)ကို ယောမင်းကြီးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီကျင်းပပြုလုပ်ခဲ့ရာ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက် က အမှာစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးက ဌာနတွင်းသုတေသနစာတမ်းဖတ်ပွဲများကို လစဉ်ကျင်းပ ပြုလုပ်ခဲ့ရာ မန္တလေးဌာနခွဲအနေ‌ဖြင့် ယခုပြုလုပ်သောစတုတ္ထအကြိမ် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသော သဘာပတိများ၊ Online စနစ်ဖြင့် တက်ရောက် လာသော အရာထမ်း/ အမှုထမ်းများ၊ မန္တလေးဌာနခွဲတွင် တက်ရောက်နေကြသော အရာထမ်း/အမှုထမ်း များအနေဖြင့် စာတမ်းရှင်များ ဖတ်ကြားခဲ့သော စာတမ်းများအပေါ် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ကြစေလိုပါကြောင်း၊ သုတေသန ပြုလိုစိတ်များမြင့်မားလာစေရန်၊ သုတေသနဆောင်ရွက်ရာတွင် အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် စာတမ်းဖတ်ပွဲများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုစာတမ်းဖတ်ပွဲမှစ၍ စာတမ်းရှင်များအား မေးမြန်းဆွေးနွေးအကြံပြုချက်များ၊ သဘာပတိ များ၏ အကြံပြုချက်များကို ထပ်မံဖြည့်စွက်၍ နောင်ဖတ်မည့်သုတေသနစာတမ်းများ စာတမ်း အင်္ဂါရပ်နှင့် ပြည့်စုံအောင် ဆောင်ရွက်သွားစေ လိုကြောင်း ပြောကြားခဲ့ပါသည်။

စာတမ်းဖတ်ပွဲတွင် သာဘာပတိများအဖြစ် ဦးပေါက်ပေါက် (ညွှန်ကြားရေးမှူး – ငြိမ်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန)နှင့် ဒေါက်တာကျော်ဆွေညွန့် (ပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်)တို့က ဆောင်ရွက်ပေးခဲ့ ပါသည်။

စာတမ်းရှင်များအနေဖြင့် ဒေါ်တင်ချမ်းမြင့် (ဒုတိယညွှန်ကြားရေးမှူး)က “ကယား တိုင်းရင်းသားတို့၏ ဖားစည်တူရိယာအကြောင်း လေ့လာချက်စာတမ်း”ကိုလည်းကောင်း၊ ဦးတင်မောင်ထွေး (လက်ထောက်ညွှန်ကြားရေးမှူး)က “အင်းဝဒေသထွက် ယွန်းထည်လက်မှု ပညာလုပ်ငန်း လေ့လာချက်စာတမ်း”ကို လည်းကောင်း၊ ဒေါ်နီနီမြင့်(ဒုတိယဦးစီးမှူး)က “ရွှေနန်းတော်ကျောင်းရှိ သစ်သားအမွှမ်းပန်းနှင့် နယားရုပ်များအား ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းဆောင်ရွက်မှု စာတမ်း” ကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြပါသည်။

ဆက်လက်၍ ဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးက  နိဂုံးချုပ်အမှာစကား ပြောကြားရာ နောင်ရေးသားမည့် စာတမ်းများတွင် ကျမ်းကိုးစာရင်းများ ပြည့်စုံရန်၊ စာတမ်းအင်္ဂါရပ်နှင့် ပြည့်စုံရန် စာတမ်းများတွင် အနှစ်ချုပ်ရေးသားခြင်း၊ Foot note တပ်ခြင်း၊ End note ရေးသားခြင်းများ ထပ်မံဖြည့်ဆီးဆောင်ရွက်စေလိုပါကြောင်း ပြောကြားပြီး မန္တလေးဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးက တက်ရောက် လာသော သဘာပတိများနှင့် စာတမ်းရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားကို(၁၂:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။