ဌာနတွင်း ရုံးလုပ်ငန်းကျွမ်းကျင်မှု (On Job Training) သင်တန်း (၂/၂၀၂၂) ဆင်းပွဲပြုလုပ်

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၌ (၁၃.၆.၂၀၂၂) ရက်နေ့မှ (၈.၇.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဌာနတွင်းရုံးလုပ်ငန်းကျွမ်းကျင်မှု(On Job Training)သင်တန်း(၂/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေး ခန်းမငယ် ၌ (၉.၇.၂၀၂၂) ရက်နေ့ နံနက် (၁၂:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး၊ အရာထမ်း၊ အမှုထမ်းများ၊ ဌာနခွဲအသီးသီးမှ ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ (၁၉)ဦးနှင့် မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ (ဒေသခံ) ကော်မတီဝင်များ တက်ရောက် ခဲ့ပါသည်။

          အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က  ယခုသင်တန်းသည် ဝန်ထမ်းအသစ်များအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည်  လက်တွေ့လုပ်ငန်းခွင် သင်တန်း ဖြစ်ကြောင်း၊  ပုဂံဌာနခွဲ နှင့် မန္တလေးဌာနခွဲ (၂) ခုပေါင်း၏ လုပ်ငန်းများသည် ဦးစီးဌာနတစ်ခုလုံး၏ (၆၅%) မှ (၇၀%) ခန့်အထိ ဖြစ်သဖြင့် လက်တွေ့လုပ်ငန်းခွင်သင်တန်း ဖွင့်လှစ်ရန် အတွက် ဤဌာနခွဲ (၂) ဌာနအား ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဦးစီးဌာန၏ ဝန်ထမ်းအင်အား (၂၀၀) ဦး ခန့်သည် အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးအင်အားဖြစ်ခဲ့ပြီး စနစ်တကျလေ့ကျင့်ပျိုးထောင်ထားသည့် အင်အား (၅၀) ဦးခန့် ပါဝင်သွားပါကြောင်း၊ အဆိုပါ ပြုန်းတီးအင်အားများအတွက် အစားထိုးနိုင်ရေး ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပို့ချ ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပုံမှန်ဝန်ထမ်းတစ်ဦး၏ ဝန်ထမ်းသက် (၄) နှစ်ခန့်လောက်သင်ယူရမည့် လုပ်ငန်းအတွေ့အကြုံများကို သင်တန်းကာလ တစ်လခွဲခန့်အတွင်း သိရှိနားလည်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ဝန်ထမ်းများအတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်နှင့်ညှိနှိုင်း၍ ဘွဲ့ကြိုဒီပလိုမာသင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ်ထားသကဲ့သို့ မဟာဘွဲ့နှင့် PhD ဘွဲ့များ အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်း ကျောင်းအား ပုဂံမြို့တွင် ဖွင့်လှစ်နိုင်ရေးလည်း လျာထားပြီးဖြစ်ရာ ဝန်ထမ်းများ အနေဖြင့် ကြိုးစားလေ့လာဖို့ လိုအပ် ပါကြောင်း၊ မိမိတို့ဌာနသည် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်သည့် ဌာနဖြစ်၍ မည်သည့် အခြေအနေတွင်မဆို ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များသည် အသစ်ပြန်လည် တည်ဆောက်၍ မရသည့် အရာများဖြစ်၍ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရခြင်းအပေါ် ဂုဏ်ယူရမည် ဖြစ်ပါကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသားများသို့ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ရာ  သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ နှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။