သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ လှည့်လည်ကြည့်ရှုစစ်ဆေး ရန်ကုန် – ဇူလိုင် ၁၅ ၊ ၁၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ နေ့လယ် ၃နာရီ ၄၅မိနစ် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်၊ ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၊ အကျိုးတော် ဆောင်၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော် ကြည်ညိုပြီးနောက် ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများ ကို မေးမြန်း၍ သာသနာတော်ဆိုင်ရာများ လျှောက်ထားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး သည် ဆရာတော်ကြီးထံမှ ဩဝါဒခံယူကာ ဆရာတော်ကြီးအား လှူဖွယ်ဝတ္တုပစ္စည်းများ နှင့် နဝကမ္မ ငွေကျပ်သိန်း ၃၀ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈နာရီ ၃၀ မိနစ်အချိန်တွင်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေး နှင့်ယဉ်ကျေိးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းတို့ လိုက်ပါလျက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ ရောက်ရှိကာ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ

အလေးပြု အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခဲ့ပါသည်။

၎င်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည်  နေ့လယ် ၂ နာရီ အချိန်တွင် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတို့နှင့်အတူ ပိဋကသုံးပုံပါဠိတော်ကို ( မြန်မာ ၊ ရိုမန် ) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော်ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)တို့ကို ပုံနှိပ်စက်တင် ရိုက်နှိပ်ဆောင်ရွက်နေသည့် မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ကမ္ဘာအေးစာပုံနှိပ်တိုက်နေရာသို့ ရောက်ရှိ၍  လုပ်ငန်း ဆောင်ရွက်နေသည့်အခြေအနေကို ကြည့်ရှုခဲ့ပါသည်။           ပြည်ထောင်စုဝန်ကြီးသည် ပိဋကသုံးပုံပါဠိတော်ကို (မြန်မာ၊ရိုမန်) အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော စိစစ်တည်းဖြတ်ပြီးဖြစ်သည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ပါဠိတော်ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)တို့ကို ပုံနှိပ်စက်တင်၍ ရိုက်နှိပ်ခြင်းဆောင်ရွက် ရာတွင် အမှားအယွင်းမရှိစေရေး၊ စာလုံးများ ထင်ရှားသပ်ရပ်စေရေး ၊ ကျမ်းစာအုပ်များ အဆင့်မီစေရေးနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့ကို အလေးအနက်ထား၍ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ပုံနှိပ်စက်တင်ရိုက်နှိပ် ဆောင်ရွက်နေမှုနှင့် စာဖောင်ခေါက်ခြင်းဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။