ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ(၆ /၂၀၂၂) အခမ်းအနားကျင်းပပြုလုပ်

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ (၆/၂၀၂၂) အခမ်းအနားကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် (၄.၈.၂၀၂၂)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီးယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ စာတမ်းရှင်များ အရာထမ်းများ၊ အမှုထမ်းများတက်ရောက်ခဲ့ပြီး နယ်ဌာနခွဲများမှ စိတ်ပါဝင်စားသူများက Online ဖြင့် တက်ရောက် ခဲ့ကြသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲကို ပုဂံဌာနခွဲတွင်(၆)ကြိမ်ပြုလုပ်ခဲ့ပြီး စုစုပေါင်းစာတမ်း(၂၃)စောင် ဖတ်ကြားခဲ့ပြီး ဖြစ်ပါသည်။ ယနေ့စာတမ်းဖတ်ပွဲတွင် ပစ္စည်းထိန်း-၃ ဒေါ်လေးလေးခိုင် က “ဘုရားအမှတ် ၁၉၃၆ လေးထပ်ကျောင်းဦး ဘုရားအတွင်းရှိ နံရံဆေးရေး ပန်းချီလေ့လာချက်’’ စာတမ်းကိုလည်းကောင်း၊ ဦးစီးမှူး ဒေါ်မေစံပယ်စိုးက “ရုံးလုပ်ငန်းစီမံခန့်ခွဲမှု ဆိုင်ရာသိမှတ်ဖွယ်ရာလေ့လာချက်” စာတမ်းကို လည်းကောင်း၊ ဒု-ဦးစီးမှူး ဦးမျိုးသီဟက “ပုဂံ ခေတ်ကာလ ရေစီမံခန့်ခွဲမှုနှင့် အလံပုဂံကန်အနီးတဝိုက် ရေသိုလှောင်စီးဆင်း မှု လေ့လာချက်” စာတမ်းကိုလည်းကောင်း စာတမ်း(၃)စောင် ဖတ်ကြားခဲ့ပြီး ဝန်ထမ်းများ၏ သုတေသနအရည် အသွေး မြင့်မားစေရန် ရည်ရွယ်၍ စာတမ်းဖတ်ပွဲများ လစဉ်အဆက်မပြတ် ကျင်းပပြုလုပ်ခြင်း ဖြင့်ဝန်ထမ်းများ၏ သုတေသနအရည်အသွေးကို ပို၍တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။

စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဆွေ၊  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းနှင့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင် (ဒေသခံ) ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးမျိုးညွန့်အောင်တို့က ဆောင်ရွက်ပေးခဲ့ ပါသည်။ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက နိဂုံးချုပ် စကားပြောကြားပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး၍  စာတမ်းဖတ်ပွဲအခမ်းအနားကို (၁၂:၄၅) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။