သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုမန္တလေးတိုင်းဒေသကြီးအတွင်းရှိအခြေခံပညာကျောင်းများတွင်ဂီတ၊သဘင်၊ပန်းချီ အနုသုခုမပညာရပ်များကိုလက်ဆင့်ကမ်းမျှဝေခြင်းဆောင်ရွက်မည့်“ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ”ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ချီးမြှင့်

ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရမည့်တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ဂီတ၊ သဘင်၊ ပန်းချီစသည့် အနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းမျှဝေခြင်း ဆောင်ရွက်မည့် “ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ”အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတက်ရောက်ချီးမြှင့်ပါသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ဒုတိယပါမောက္ခချုပ် နှင့် ပါမောက္ခ/ဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးဦးကိုကိုကအမှာစကားပြောကြားရာတွင်“ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာအစီအစဉ်”သည် ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရနှင့်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ပူးပေါင်းညှိနှိုင်းမှုဖြင့် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(မန္တလေး)ကမန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိသည့်အခြေခံပညာကျောင်းများတွင် ဂီတ၊ သဘင်၊ ပန်းချီစသည့် အနုသုခုမ ပညာရပ်များကို လက်ဆင့်ကမ်းမျှဝေပေးသည့် အစီအစဉ် ဖြစ်ပါကြောင်း၊ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒမှာ “နိုင်ငံသားအားလုံး ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်း  ပေါ်ပေါက်လာစေရေး စီမံ ဆောင်ရွက်ရန်”ဟုပါဝင်ပါကြောင်း၊ မြန်မာ့လူ့အဖွဲ့ အစည်း၏ ကိုယ်ကျင့်တရားသည် ဗုဒ္ဓ၏အဆုံးအမ တရားများအပေါ်မှာအခြေခံပါကြောင်း ထို့ကြောင့်သာသနာရေးဘက်ကလူငယ်မျိုးဆက်သစ် ကလေး များကိုယဉ်ကျေးလိမ္မာသင်တန်း၊၃၈ဖြာမင်္ဂလာသင်တန်းများဖွင့်လှစ်ပေးလျှက်ရှိပါကြောင်း၊ယဉ်ကျေး မှုဘက်ကလည်း မျိုးဆက်သစ်လူငယ်ကလေးများကို အနုသုခုမပညာရပ်များနှင့် မိတ်ဆက်ပေးခြင်း ဖြင့်နူးညံ့သိမ်မွေ့သည့်နှလုံးသားပိုင်ရှင်ကလေးများ၊ရိုးရာအနုပညာအမွေကို ချစ်မြတ်နိုး သည့်လူငယ် ကလေးများဖြစ်လာစေဖို့ရည်ရွယ်ပါကြောင်း၊

အခြေခံပညာကျောင်းများမှာ ပြဌာန်းဘာသာရပ်များ၏ သင်ကြားမှုကို မဏ္ဍိုင်ပြုပြီး လက်ရုံး ရည်ဟုဆိုရမည့်အားကစားပညာရပ်များ၊အားကစားပွဲများရှိသလို၊နှလုံးရည်ဟုပြောရမည့်အနုသုခုမ ပညာရပ်များလည်းတစ်ဖက်တစ်လမ်းကရှိနေရန်လိုအပ်ပါကြောင်း၊

ယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို တိုင်းတာသည့် ပြဒါးတိုင်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုနိမ့်ကျသွားလျှင်  လူမျိုးပျောက်မည်ဖြစ်ကြောင်း၊ လူမျိုးပျောက် လျှင် ဆက်စပ်နေသည့် ဘာသာနှင့်တိုင်းပြည်လည်းကွယ်ပျောက်သွားမှာဖြစ်ကြောင်း

ယဉ်ကျေးမှုကွယ်ပျောက်စေသည့်အဓိကအကြောင်းတရားနှစ်ခုမှာမသမာသူများ၏ ရည်ရွယ် ချက်ရှိရှိဖျက်ဆီးခြင်းနှင့်ပြင်ပကစီးဝင်လာသည့်ယဉ်ကျေးမှုများကို အထင် ကြီးလက်ခံမိခြင်းတို့ပင် ဖြစ်ကြောင်း၊ ၄င်းအန္တရာယ်များကို ကာကွယ်နိုင်သည့်တစ်ခုတည်းသော နည်းလမ်းမှာ မိမိတို့၏ ယဉ်ကျေးမှုကိုယ်ခံအားကောင်းဖို့၊ ယဉ်ကျေးမှုခံတပ်ကြီး တောင့်တင်းခိုင်မာဖို့ဖြစ်ကြောင်း၊ မိမိတို့၏  ကိုယ်ပိုင်ယဉ်ကျေးမှု အနုသု ခုမပညာရပ်များကိုဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ဖြစ်ကြောင်း၊

အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့်ကျောင်းသား/သူများ၏ ရိုးရာ ယဉ်ကျေးမှု အပေါ် မြတ်နိုးတန်ဖိုးထားလိုစိတ်၊ အမျိုးကိုချစ်သည့်စိတ်လည်း အရေးကြီးပါကြောင်း၊ ယနေ့လူငယ် နောင် ဝယ်လူကြီးဆိုသည့်စကားနှင့်အညီ ယနေ့ခေတ်လူငယ်များသည် အနာဂတ်၏ခေါင်းဆောင်ကောင်း များဖြစ်သည့်အတွက်ပညာရေးအဆင့်မြင့်မားမှုနှင့်အတူအမျိုးသားရေးစရိုက်လက္ခဏာများ မကွယ် ပျောက်စေဘဲ ယဉ်ကျေးမှုအားကောင်းလာစေရေးကို ရည်မှန်းပြီး ယဉ်ကျေးလိမ္မာ၊ မြန်မာ့ အနုပညာ အစီအစဉ်ကိုဖော်ထုတ်ရခြင်းပင်ဖြစ်ကြောင်း၊

            မြန်မာ့အနုသုခုမပညာမှန်သမျှစည်းလွတ်ဝါးလွတ်တစ်ခုမှမရှိကြောင်း၊မြန်မာ့ရိုးရာ ယဉ်ကျေး မှုအမွေအနှစ်တွေကိုမောင်တို့မယ်တို့မြတ်နိုးစေချင်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ အားပေးမှုနှင့်အတူ ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများ၏ ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့် ကျောင်းသားကျောင်းသူများကို မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များဖြစ်သည့် သဘင်၊ဂီတ၊ပန်းချီပညာများကို လက်ဆင့် ကမ်းမျှဝေသင်ကြားပြသနိုင်ရန်အခွင့် အလမ်းရရှိခဲ့ပြီဖြစ်၍ ဤအခွင့်အလမ်းရရှိစေရန် လမ်းဖွင့်ပေးခဲ့ ကြသည့်ဌာနဆိုင်ရာများကိုအထူးကျေးဇူးတင်ရှိပါကြောင်း၊လက်ဆင့်ကမ်းမျှဝေပေးမည့်အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က ဆရာ၊ ဆရာမများနှင့် အမွေဆက်ခံယူကြမည့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအနေနှင့်ရရှိလာသည့် အခွင့်အလမ်းကို အကျိုးရှိရှိ အသုံးချသွားကြပါဟု မှာကြားသွားပါသည်။

ဆက်လက်ပြီးမန္တလေးတိုင်းဒေသကြီး၊အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားကြပြီး အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် ( မန္တလေး ) ၊   ပါမောက္ခချုပ် ဦးအောင်ဆန်းဦး က “ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာ” အစီအစဉ်  ဆောင်ရွက်မှုများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြပါသည်။

ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ဂီတပညာဌာန ၊ သဘင်ပညာဌာနနှင့် ပန်းချီပညာဌာနတို့ ပူးပေါင်းစီစဉ်တင်ဆက်သည့် “တက္ကသီလံရွှေစာရံ” တေးသီချင်း အကအလှဖြင့်လည်းကောင်း၊ အနုပညာဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ထုတ်လုပ်ဌာနစုမှ  “ အ – အက္ခရာ အောင်ပါစေ ယိမ်းအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က “ယဉ်ကျေးလိမ္မာ မြန်မာ့အနု ပညာ” အစီအစဉ်တွင် ဂီတပညာအကြောင်း မိတ်ဆက်ခြင်း၊ ဆန်းနွေဦး မဟာဂီတတေးသီချင်းကို စောင်း၊ ပတ္တလား၊ တယော၊ ကီးဘုတ်၊ ဒိုးအုပ်စုံ၊ အဆို တို့ ဖြင့်သရုပ်ဖော်ခြင်း၊ ဂီတသင်္ကေတ လက်တွေ့စုပေါင်းရွတ်ဆိုခြင်းကိုအခြေခံပညာကျောင်းများမှကျောင်းသား၊ကျောင်းသူများနှင့် စုပေါင်း ရွတ်ဆိုခြင်းများကိုသင်ကြားပေးခြင်း၊သဘင် အကနှင့်အကဗေဒအကြောင်းကို မိတ်ဆက်ခြင်း၊ မြင်း၊ မျောက်၊ ဘီလူး၊ ဇော်ရုပ်သေးအကတို့ကိုလက်တွေ့သရုပ်ပြ၍ ကျောင်းသား၊ကျောင်းသူများ ပါဝင် ဆောင်ရွက်စေခြင်း၊ ဂီတဌာနနှင့်တွဲဖက်၍ ဆန်းနွေဦးနန်းတွင်းယိမ်းအကဖြင့်တင်ဆက်ခြင်း၊ အခြေခံ ပုံရေးဆွဲနည်း၊ အရောင်သီအိုရီနှင့် ကာတွန်းအလွယ် ရေးဆွဲနည်းများကို သင်ကြားပေးသွားမှာဖြစ်ပါ သည်။

အခမ်းအနားအပြီးတွင်ပြည်ထောင်စုဝန်ကြီးသည်တာဝန်ရှိသူများလိုက်ပါလျှက်သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)သို့ သွား ရောက်ကာပန်တျာဌာန၏ သင်ကြားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျှက်  မွန်းလွဲ (၁)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဓ္ဓမ္မ ဇောတိကဓဇ) အား သွားရောက် ဖူးမြှော်ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မငွေကျပ် သိန်း(၃၀)ကိုဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီး၏ ကျန်းမာရေးနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးထံမှ အနုမောဒနာတရားများ နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။