(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့

၁၂.၈.၂၀၂၂ နေပြည်တော်

(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၁၂.၈.၂၀၂၂ ရက် သောကြာနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များတိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကဲဖြတ်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖြစ်တည်ပေါ်ပေါက်လာမှုနှင့် နှစ်ကာလများစွာအရှည်တည်တံ့မှုဆိုတဲ့ သမိုင်း ကြောင် များမှာ ဖြစ်တည်ပေါ်ပေါက်လာခဲ့သည့် နိုင်ငံရဲ့လုံခြုံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု ရေးရာ အခန်းကဏ္ဍများအပြင် စည်းလုံးညီညွတ်မှုတို့မှာလည်း ဆက်စပ်လျက်ရှိကြပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ ကြောင်း၊ နေထိုင်ရာရေမြေဒေသသဘာဝကိုလိုက်၍ ဘာသာစကားနှင့် ယုံကြည်သက်ဝင်သည့် ဓလေ့ထုံးတမ်းများမှာ ကွဲပြားသည်များရှိသကဲ့သို့၊ တူညီသည်များလည်း ရှိကြပါကြောင်း၊ အားလုံး အတွက် “ဘုံ” သဘောဆောင်သည့် တူညီမှုများမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အတူတကွ မြတ်နိုးထိန်းသိမ်းမှုဆိုတဲ့ အခြေခံစိတ်ဓာတ်ပင် ဖြစ်ပါကြောင်း၊ ၁၉၉၃ ခုနှစ်မှာ စတင်ခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ၂၀၁၆ ခုနှစ်တွင် ရပ်တန့်သွားခဲ့ပါကြောင်း၊ အကျိုးဆက်အားဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များ အကြား မှာ မြန်မာ့ရိုးရာအမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်း ပြန့်ပွားနိုင်တဲ့ ပညာရှင်များ လျော့ပါးလာခြင်း၊ ရိုးရာယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့ လှုပ်ရှားမှုများ ခေါင်းထောင်လာရုံမျှမက ရိုးရာယဉ်ကျေးမှုရဲ့ အမွေအနှစ်တစ်ချို့ကို ပညာရှင်ကြီးများ စိတ် မချမ်းမသာ ဖြစ်ရသည်အထိ  ထိပါးသွေးတိုးစမ်းခြင်းများ ရှိလာပါကြောင်း၊ အနုသုခုမယဉ်ကျေးမှုနှင့် မိရိုးဖလာဓလေ့ထုံးတမ်များဟာ အပြန်အလှန် အမှီသဟဲပြုပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါကြောင်း၊ ရိုးရာယဉ်ကျေးမှုအနုသုခုမများ မှေးမှိန်သွားတဲ့အခါ နေ့စဉ်ဖြတ်သန်းရတဲ့ လူမှုဘဝမှာတောင် အပြန်အလှန်လေးစားမှု၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုပြီး အလေး ထားကြတဲ့ မိရိုးဖလာ ဂါရဝတရားများပါ ကွယ်ပျောက်လုလု ဖြစ်လာခဲ့တာကို အားလုံးအသိ ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ရဲ့တာဝန်ဝတ္တရားများကို လွှဲပြောင်းတာဝန်ယူတဲ့အခါမှာ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး စနစ်တကျ ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ဦးတည်ချက် ၉ ရပ်ရဲ့ လူမှုရေးဦးတည်ချက်များထဲတွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများ ကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး”ဆိုတဲ့ ဦးတည်ချက်ကို တိကျစွာထည့်သွင်းထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် မကျင်းပနိုင်သည်မှာ ကြာပြီဖြစ်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်နေတဲ့ ဦးတည်ချက်နဲ့အညီ (၂၃) ကြိမ်မြောက်အဖြစ် ယခင်အခါများကဲ့သို့ ခန့်ညားထည်ဝါစွာ ပြန်လည် ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းပဲဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်အနေဖြင့် မကြာမီကာလတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ များကို ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်နိုင်ရေးနှင့် ပြိုင်ပွဲများတွင် တရားမျှတမှုရှိစေရန်  ကြိုတင်စီမံဆောင်ရွက်ထားရှိရန်” လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို တာဝန်ယူ ကျင်းပဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီနှင့် ကော်မတီ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ယူဆောင်ရွက်ကြရသူများအနေနှင့် ရရှိထားပြီးဖြစ်တဲ့ အတွေ့အကြုံ၊ အရည်အချင်းများကို အခြေတည်ပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ပြီး၊ ထူးချွန်ထက်မြက် ထိုက်တန်သူများကို ထိုက်တန်သည့်အလျှောက် ချီးမြှင့်နိုင်ရန် ဝိုင်းဝန်းပံ့ပိုး ကြိုးပမ်းကြရန် မှာကြားလိုပါကြောင်း၊ ယခုနှစ် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် ယခင်နှစ်များနည်းတူ အဆိုဘာသာရပ်အဖြစ် ပြိုင်ပွဲအမျိုးအစား (၃)ခု၊ အကဘာသာရပ်အနေနဲ့ ပြိုင်ပွဲအမျိုးအစား (၈)ခု၊ အရေးဘာသာရပ်အနေနဲ့ ပြိုင်ပွဲအမျိုးအစား(၁)ခုနှင့် အတီးဘာသာရပ် အနေနဲ့ ပြိုင်ပွဲအမျိုးအစား (၁၃)ခု တို့ကို ထည့်သွင်းကျင်းပဖို့လည်း စီစဉ်ထားကြောင်း သိရှိရ ပါကြောင်း၊ အကပြိုင်ပွဲမှာ တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအနေဖြင့် မွန်ရိုးရာအကကို စုပေါင်းပါဝင် ယှဉ်ပြိုင်ကြရမှာဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများအချင်းချင်း တစ်ဦး၏ယဉ်ကျေးမှု အနုသုခုမပညာ၊ သီဆိုတီးမှုတ်မှု၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနှင့် ဓလေ့ထုံးတမ်းများကို တစ်ဦးက လေ့လာသိရှိခွင့်၊ လေးစားလိုက်နာ ဆောင်ရွက်ခွင့်ရရှိမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ကောင်းမြတ်သည့် အစဉ်အလာ တစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားလိုပါကြောင်း၊ မြန်မာ့အနုသုခုမသဘင်၏ နှုတ်မှုစွမ်းရည် ပညာရပ် အတတ်ပညာဖြစ်တဲ့ “ကွက်စိပ်” ပညာရပ်ဟာလည်း တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်နေခဲ့ပြီဖြစ်ပါကြောင်း၊ ကွက်စိပ်ပြိုင်ပွဲကိုလည်း အစဉ်အလာမပျက် ဆက်လက်ထည့်သွင်း ယှဉ်ပြိုင်သွားဦးမယ်လို့ သိရှိရပါကြောင်း၊ အမြင့်သဘင်လို့ တင်စားသတ်မှတ်ခဲ့ကြသည့်  မြန်မာ့ ရုပ်သေးကြိုးဆွဲပညာရပ်သည် ဒေသတွင်းသာမက နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့သည့် အနုပညာရပ် ဖြစ်ပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကြောင့် ရုပ်သေးပညာရှင် မျိုးဆက်သစ်ပေါင်းများစွာကို လက်ဆင့်ကမ်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုလည်း နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည့် အတိုင်းအတာ တစ်ခုအထိ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ယခု(၂၃)ကြိမ်မြောက်တွင် ဇာတ်သဘင်ပြိုင်ပွဲအဖြစ် ထည့်သွင်း ယှဉ်ပြိုင်မည့် “ရာမာယဏ” ဇာတ်တော်ကြီးသည် အစဉ်အလာကြီးမားသည့် ဇာတ်တော်ကြီး ဖြစ်ပါကြောင်း၊ ရာမာ ယဏဇာတ်တော်ကြီးကို ၁၁၂၅ ခု၊ ဆင်ဖြူရှင်မင်းလက်ထက်မှစ၍ နန်းတွင်းရာမဇာတ်အဖြစ် စတင်ကပြခဲ့ကြောင်း မှတ်သားသိရှိရပါကြောင်း၊ ရာမာယဏ ဇာတ်တော် ကြီးကို မြန်မာ့သဘင်၏ အနှစ်သာရ ဖြစ်သည့် ဆို၊ ငို၊ ပြော ပညာရပ်များ၊ မဟာဂီတဝင် တေးသီချင်းများ၊ ဇာတ်ပို့ဆိုင်း တီးချက်များနှင့် ပါဝင်ယှဉ်ပြိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြိုင်ပွဲကြီး၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ထည်ဝါခံ့ညားစွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆုချီးမြှင့် ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင်၊ အခြားအုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် ပွင့်လင်းစွာ ဆွေးနွေးပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် အကဲဖြတ်ပညာရှင်များက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

You need to add a widget, row, or prebuilt layout before you’ll see anything here. 🙂