ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်း တောင်ဘက် မြို့ရိုးရှိ မြို့ဝင်ပေါက်နေရာ ကုန်းအမှတ် (BTO – 42) တူးဖော်သုတေသနပြုခြင်း

DCIM100MEDIADJI_0834.JPG

နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံအလိုက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝ အမွေအနှစ်/ အရင်းအမြစ်များ အသီးသီးရှိကြသည်။ ဖော်ပြပါရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များသည် သက်ဆိုင်ရာနိုင်ငံတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းသက်တမ်း၊ ယဉ်ကျေးမှု ထွန်းကား တိုးတက်လာမှု၊ အနုပညာလက်ရာ၊ သမိုင်းတန်ဖိုးတို့ကို ညွှန်ပြလျက်ရှိပါသည်။ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် များအား စာရင်းပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ တူးဖော်ခြင်း၊ ကွင်းဆင်းခြင်း၊ ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

              ဦးစီးဌာနအနေဖြင့် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များမှ ကမ္ဘာ့အမွေအနှစ် ဖြစ်ထိုက်သော မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များ၊ နောက်တွေ့အထောက် အထားများရရှိစေရန်အတွက် ရှေးဟောင်းဒေသများ၊ ပျူမြို့ဟောင်းများတွင် တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း (၃)မြို့ ဖြစ်သော ဟန်လင်းမြို့ဟောင်းတွင် ကုန်းအမှတ် HL – ၁ မှ ၄၆ အထိ လည်းကောင်း၊ ဗိဿနိုးမြို့ဟောင်းတွင် KKG – ၁ မှ ၂၅ ၊ BTO – ၁ မှ ၄၁ အထိလည်းကောင်း၊ သရေခေတ္တရာ မြို့ဟောင်းတွင်  HMA – ၁ မှ ၆၅ အထိလည်းကောင်း တူးဖော်သုတေသနပြုခဲ့ပြီးဖြစ်ပါသည်။

              ဆက်လက်၍လည်း ရှေးခေတ်မြို့ပြ ဖွဲ့စည်းတည်ဆောက်မှု၏ သက်သေအထောက် အထားများဖြစ်သော ဗိဿနိုးမြို့ဟောင်း မြို့ဝင်ပေါက်၊ မြို့ရိုး၊ နန်းတော်ရာ၊ ရေအသုံးချမှု၊ ကာကွယ်ရေးစနစ်စသည့် အထောက်အထား များကို UNESCO ၏ Guideline များနှင့်အညီ စမ်းသပ်တူးဖော်သုတေသနပြုရန် ရည်ရွယ်၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်း၏ တောင်ဘက်မြို့ရိုးရှိ မြို့ဝင်ပေါက်ဖြစ်နိုင်သောနေရာအား ကုန်းအမှတ် (BTO-42) အဖြစ် သတ်မှတ်၍ တူးဖော်သုတေသန လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ၂၆.၅.၂၀၂၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပါသည်။

              ကုန်းအမှတ် BTO – 42 အား (၅) မီတာအကွက် ပန္နက်ရိုက်ခြင်းနှင့် ကျင်းကွက် (၈၈) ကွက်ကို အကွက်ချပြီး ပထမဦးစွာ ကျင်းကွက် (၃၉) ကွက်ကို စတင်တူးဖော်ခဲ့ရာ တူးဖော်မှု ကျင်းကွက်အမှတ် C(7) မှ အနောက်ဘက်မြို့ရိုးအပြင် အုတ်ရိုးတန်းလက်တံအုတ်လွှား (၁၁) လွှား၊ အရှေ့ဘက်အုတ်ရိုးတန်းလက်တံ အုတ်လွှား (၇) လွှားနှင့် အိုးခြမ်းကွဲများကိုလည်းကောင်း၊ ကျင်းကွက်အမှတ် E(2) မှ ကျင်းကွက်၏ မြို့ဝင်ပေါက် အနောက်ဘက်လက်တံ အုတ်ရိုးဘေးမှ သံပြားတစ်ခုနှင့် သံဆုံခွက်ကိုလည်းကောင်း၊ ကျင်းကွက်အမှတ် F(2) မှ မြို့ဝင်ပေါက် အရှေ့ဘက် လက်တံအုတ်ရိုးဘေးမှ သံဆုံခွက်တစ်ခုကိုလည်းကောင်း၊ ကျင်းကွက်အမှတ် E(1) နှင့် F(1) တွင် သံဆုံခွက်တစ်ခုကိုလည်း တွေ့ရှိခဲ့သဖြင့် စနစ်တကျမှတ်တမ်းတင်ခြင်း၊ မြို့ဝင်ပေါက် အုတ်ရိုးတန်း၏ ပန္နက်ပုံကို တိုင်းတာပုံထုတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ဖြတ်ပိုင်းပုံ ရေးဆွဲခြင်း၊ ကျင်းကွက်အလိုက် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

              ဆက်လက်၍ ကျင်းကွက်အမှတ် A(6)၊ B(6)၊ A(7)၊ B(7)၊ C(7)၊ A(8)၊ B(8)၊ C(8) များကို ဆက်လက်တူးဖော်ခဲ့ရာ ဝင်ပေါက်လက်တံမှ အနောက်ဘက်သို့ ချိုးကွေ့သွားသော အုတ်မြို့ရိုးတန်းကို ထပ်မံတွေ့ရှိခဲ့ရသဖြင့် မြို့ဝင်ပေါက်နှင့် အုတ်ရိုးလက်တံနှစ်ခုအား ပီပြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါသည်။ မြို့ဝင်ပေါက်နှင့် အုတ်ရိုးလက်တံနှစ်ခုမှာ အခြားသော ပျူမြို့ဟောင်းများ ရှိ မြို့ဝင်ပေါက်များ၏ ပုံသဏ္ဌာန်များအတိုင်း လက်တံနှစ်ဖက်မှာ တံတောင်ဆစ်ချိုး ကွေ့ဝိုက်ဝင်ပြီး အဝကျယ်၍ အတွင်းဘက်သို့တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်ကို တွေ့ရသည်။ အခြားသော မြို့ဟောင်းများရှိ တူးဖော်ခဲ့ပြီးသော မြို့ဝင်ပေါက်များနှင့် နှိုင်းယှဉ်လေ့လာနိုင်ရန်အတွက် ဆက်လက်တူးဖော်သုတေသနပြုလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.