ပုဂံဒေသ၏ ရှေးဟောင်းရေသွင်း၊ ရေထုတ် စနစ်ပြန်လည် ကောင်းမွန်ရေး ဆိုင်ရာ လက်တွေ့ သင်တန်း (Revival of Ancient Hydrology Field On-Site Training) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပုဂံဒေသ၏ ရှေးဟောင်းရေသွင်း၊ ရေထုတ် စနစ်ပြန်လည် ကောင်းမွန်ရေး ဆိုင်ရာ လက်တွေ့ သင်တန်း (Revival of Ancient Hydrology Field On-Site Training) ဖွင့်ပွဲ အခမ်းအနားကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်း သုတေသနပြတိုက်တွင် (၁၈.၈.၂၀၂၂)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အီတလီနိုင်ငံ၊ University of Marche မှ ကျွမ်းကျင်ပညာရှင် Dr. Massimo Sarti  နှင့် ဌာနခွဲအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများနှင့် ပုဂံဌာနခွဲမှ အရာထမ်းများ၊ မန္တလေတိုင်း ဒေသကြီးယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ ဒေသခံကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြား ခဲ့ရာတွင်    ယခုလာရောက်သည့် Dr. Massimo Sarti သည် Laribic Foundation မှ မစ္စတာ မော်ရိုးတို့ နှင့်အတူ သရေခေတ္တရာ ပျူမြို့ဟောင်းတွင် Agriculture and Landscape ကို စတင် လေ့လာခဲ့သူဖြစ်ပါကြောင်း၊ မြန်မာ့အမွေအနှစ်များနှင့် ရေစီမံခန့်ခွဲမှု သုတေသန လုပ်ငန်းများကို (၂၀၁၄)ခုနှစ် ကတည်းက ကူညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့မှတစ်ဆင့် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရာ မြောက်ဦးခေတ် ရေစီမံခန့်ခွဲမှုသုတေသန လုပ်ငန်းများ၊ ပုဂံခေတ် ရေစီမံခန့်ခွဲမှုသုတေသနလုပ်ငန်းများတွင်လည်း ဆက်လက် ကူညီပေး နေသူ တစ်ဦး ဖြစ်ပါကြောင်း၊ ယခု သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းသည် ပုဂံဒေသ၏ ရေစီးဆင်းမှုကို အခြေခံ၍ ပုဂံမြို့ပြကြီးကို လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက မည်သို့ ဖန်တီးတည်ဆောက်ထားသည်ကို လေ့လာသုတေသနပြုရင်း ဖွံ့ဖြိုးတိုးတက်မှု၊ လမ်းတံတား တည်ဆောက်မှု၊ အိုးအိမ်ချဲ့ထွင်မှုများကြောင့် ထိခိုက်ပျက်စီးသွားသည့် ရေစီးရေလာစနစ်ကို မည်သို့ ပြန်လည်ဖော်ထုတ်၍ မူလနီးပါး ပြန်လည်ကောင်းမွန်လာရန် ပြုလုပ်မည်ဆိုသည့် ရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ မန္တလေးမြို့ ကျုံးရေသွင်းစနစ်ကိုပါ လေ့လာခဲ့ပြီး ဗိဿနိုးမြို့၏ ရေစီမံခန့်ခွဲမှုတို့ကိုပါ ဆက်လက်လေ့လာမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွက် အကြံပြုချက် (၁၉) ချက်တွင် ရေစီးရေလာစနစ်ကို ပြန်လည် ဖော်ထုတ်ရန်အချက်ပါဝင်ပါကြောင်း၊ Dr. Massimo Sarti ၏ အကြံပြုချက်များနှင့် ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်၏ လေ့လာတွေ့ရှိချက်များကို ပေါင်းစပ်လိုက်မည်ဆိုပါက ပုဂံရေအရင်းအမြစ်သည် ပီပီပြင်ပြင် ဖြစ်လာမည်ဖြစ်ပါကြောင်း၊     ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသအတွင်း ရေလျှံခြင်း၊ ရေဝပ်ဧရိယာ ဖြစ်ပေါ်နေခြင်းများအားမြေပြင်ကွင်းဆင်းစစ်ဆေးနိုင်ရေး ဖွဲ့စည်းထားသည့်ကွင်းဆင်းစစ်ဆေးရေး ကော်မတီတွင် မိမိက ဥက္ကဌအဖြစ် ပါဝင်ပြီး လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒေသခံအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ Bagan Heritage Trust တို့ ပါဝင် ဖွဲ့စည်းထားပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ပုဂံခေတ်က တည်ဆောက်ခဲ့သော ရှေးခေတ်ရေစီမံခန့်ခွဲမှုကို လက်တွေ့လေ့လာ သုတေသနပြု တင်ပြရန်၊ လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသော ရေစီးရေလာ စနစ်ကို အဟန့်အတား ဖြစ်နေသည့်နေရာများ၊ ရေလျှံရေဝပ်ဧရိယာ များကို ကွင်းဆင်း လေ့လာ၍ ဖြစ်ပေါ်ရခြင်း အကြောင်းများကို သုံးသပ်တင်ပြရန်၊ ရေစီးရေလာစနစ်များကို အဟန့်အတား ဖြစ်စေသည့် နေရာများအား ရေစီးရေလာ ပြန်လည် ကောင်းမွန်လာစေရန် ကုစားဖော်ထုတ်နိုင်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်နည်းများ စိစစ်တင်ပြရန်၊ နောင်တွင် ရေလျှံခြင်း၊ ရေဝပ်ခြင်း မဖြစ်ပေါ်စေရေးအတွက်ပါ ရေရှည်အစီအမံများ တင်ပြရန် စသည့် လုပ်ငန်းတာဝန် (၄)ရပ် ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊  ၂ဝ၂၁ ခုနှစ် ပုဂံဒေသ ရေကြီး ရေလျှံမှုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး မိမိတို့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပုဂံဒေသသို့ လာရောက်စစ်ဆေး၍ ဆောင်ရွက်ရန်များကို လမ်းညွှန်ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် Dr. Massimo Sarti၏ အကြံပြုချက်တို့အား လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေကြီးရေလျှံမှုပြဿနာပြေလည်သွားနိုင်မည်ဖြစ် ပါကြောင်း၊ Dr. Massimo Sarti၏ အကြံပြု ချက်များအပေါ် ထိန်းသိမ်းရေးကော်မတီဝင်များ အနေဖြင့်လည်း ပူးပေါင်းဆွေးနွေးပေးစေလို ပါကြောင်း၊ သင်တန်းသားဝန်ထမ်းများအနေဖြင့်လည်း Dr. Massimo Sarti ၏ အတွေးအမြင်များ၊ အတွေ့အကြုံများကို ရရှိအောင် သင်ယူဖို့လိုပါကြောင်း၊ ပုဂံဒေသ ရေစီးရေလာကောင်းမွန်စေရေး၊ နောင်ထပ်မံ၍ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးတို့ အတွက် Plan တစ်ခုပေါ်ပေါက်လာစေရေး လေ့လာစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အီတလီနိုင်ငံသား၊ University of Marche မှ ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti မှ ကမ္ဘာ့အမွေအနှစ်ဒေသများ၏ ရေစီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့သင်တန်း ပို့ချရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီးက ကမ္ဘာ့အမွေအနှစ်ဒေသများ၏ ရေစီမံခန့်ခွဲမှုဆိုင်ရာ သုတေသနတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေး ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ပြုပြင်/ ထိန်းသိမ်းဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူးက ပုဂံခေတ်ရေစီမံခန့်ခွဲမှုဆိုင်ရာ ထိန်းသိမ်းရေး လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ သုတေသနဌာနစုမှ ဦးစီးအရာရှိက တူးဖော်သုတေသန ပြုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ရှင်းလင်းပြောကြားပြီးနောက် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် စကားပြောကြားပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူး၍ ပုဂံဒေသ၏ ရှေးဟောင်းရေသွင်း၊ ရေထုတ် စနစ်ပြန်လည် ကောင်းမွန်ရေးဆိုင်ရာ လက်တွေ့သင်တန်းဖွင့်အခမ်းအနားကို (၁၆:၁၅)နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.