သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက မန္တလေးနန်း မြို့ရိုးကြီး၏ ကြံ့ခိုင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကို မူဝါဒလုပ်ငန်းစဉ်များချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ အထင်ကရဖြစ်သော မန္တလေးနန်းမြို့ရိုးကြီး ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ဤသို့ ဆောင်ရွက်ရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အင်ဂျင်နီယာများသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ပညာရှင်များ၏ အကြံပြုချက် များကို အလေးထားလိုက်နာ၍ ဆောင်ရွက်လျက်ရှိပါသည်။ မန္တလေးနန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှုများကို နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျက်စီးနေသော ပြာသာဒ်လတ်နှင့် ပြကလေး ပြာသာဒ်တို့ကို မူလလက်ရာအတိုင်း ပြုပြင် ထိန်းသိမ်းခြင်း၊ မူလတည်ဆောက်ခဲ့သည့် ပြအိုးနှင့် မြေအဝင်အနက် ကြံ့ခိုင်မှုသိရှိရန် စမ်းသပ်ကျင်း (Test-Pit) တူးခြင်း၊ ငလျင်ဆိုင်ရာ သက်ရောက်မှု သိရှိနိုင်ရန်အတွက် Soil Test တူးခြင်း၊ သူရဲခိုအား အလေးဝန်လျော့ခြင်းနှင့် ပြအိုးမျက်နှာပြင် ကြမ်းခင်းများခွာ၍  ရေပိတ်လွှာ  လောင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

မူလတည်ဆောက်ခဲ့သည့် နန်းမြို့ရိုးကြီးရှိ ပြအိုးနှင့် မြေဝင်အနက်၊ ကြံ့ခိုင်မှု သိရှိရန် စမ်းသပ်ခြင်း(Test-Pit) တူးခြင်းကို မြို့ရိုးတစ်ဖက်လျှင် (၃) ကျင်းဖြင့်လည်းကောင်း၊ Soil Test ပေ၁၀၀ အနက်နှင့် ပေ၃၀ အနက်တူးခြင်းကိုလည်းကောင်း၊ ၂၀.၈.၂၀၂၂ရက်နေ့မှစ၍ တူးဖော်မှု၊ စမ်းသပ်မှုများ စတင်ဆောင်ရွက်ခဲ့ပါသည်။ စမ်းသပ်ကျင်းတူးခြင်းဖြင့် ပြအိုးနှင့် မြို့ရိုး၏ အုတ်မြစ်ချထားမှု အခြေအနေအား သိရှိနိုင်မည်ဖြစ်ရာ မြို့ရိုး၏ဝန်အားနှင့် အုတ်စီးအုတ်နင်း အနေအထားကို မူတည်၍ ကြံ့ခိုင်မှုဆောင်ရွက်ရမည့် အခြေအနေကို တွက်ချက်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး Soil Test တူးခြင်းဖြင့် မြေသားခံနိုင်ဝန်နှင့် ငလျင်ဆိုင်ရာ သက်ရောက်မှုတို့ကို သိရှိနိုင်မည်ဖြစ်၍ နန်းမြို့ရိုး၏ဝန်နှင့် မြေသားခံနိုင်ဝန်တို့ကို တွက်ချက်၍ ရေရှည်ကြံ့ခိုင်မှုအတွက် လိုအပ်သော နည်းပညာဆိုင်ရာ ဖြည့်ဆည်းမှုများ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

သူရဲခိုများအလေးချိန်လျော့ခြင်း လုပ်ငန်းမှာ နန်းမြို့ရိုး၏ ရေရှည် တည်တံ့ခိုင်ခံ့ရေးအတွက်  မလွဲမသေလုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နန်းမြို့ရိုးပေါ်ရှိ သူရဲခိုများမှာ တစ်ခုလျှင် အလျား၅ပေ၊ အနံ၅ပေနှင့် အမြင့်၆ပေ ၉လက်မခန့်ရှိသဖြင့် သူရဲခိုတစ်ခုလျှင် ၁တန်ခန့်အလေးချိန်ရှိရာ ပြကလေး ပြာသာဒ် လတ်နှင့်ပြကလေး ပြာသာဒ်တို့ အကြားတွင် တန်ချိန်၁၀၀ ကျော်ခန့်ကို နန်းမြို့ရိုးတစ်လျောက် ဝန်ထမ်းထားရသည်ဖြစ်ရာ နန်းမြို့ရိုး၏ ကြံ့ခိုင်မှုကိုများစွာ သက်ရောက်မှုဖြစ်စေပါသည်။

မန္တလေးမြို့ရှိ အထင်ကရသမိုင်းဝင် အဆောက်အဦတစ်ခုဖြစ်သော မြနန်းစံကျော်ရွှေနန်းတော် ၏ အုတ်မြို့ရိုးပတ်လည်နှင့် ဘုံ(၇)ဆင့်၊ ဘုံ(၅)ဆင့် ပြာသာဒ်ကြီး(၁၂)ဆောင်၊ ပြာသာဒ်ငယ် (၃၂) ဆောင် တို့မှာ မြန်မာသက္ကရာဇ် ၁၂၂၁ခုနှစ် မန္တလေးမြို့တည်စဉ်ကပင် ဆောက်လုပ်ခဲ့ရာ နှစ်ပေါင်း (၁၆၃)နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ထိုနှစ်များစွာအတွင်း သဘာဝဘေးဒဏ်နှင့် ဒုတိယကမ္ဘာစစ် ဒဏ်များ ခံစားခဲ့ရသဖြင့် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းအား အစဉ်အဆက် ပြင်ဆင်ထိန်းသိမ်း ခဲ့ရာ မင်္ဂလာတံခါး (ခေါ်) ကျော်မိုးတံတား၊ ဘုံ(၇)ဆင့် ပြာသာဒ်ဆောင်တို့အား ၁၉၆၂ ခုနှစ်က ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အတွင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ယွန်းဆောင်ပါ ဘုံ(၇)ဆင့်၊ ဘုံ(၅)ဆင့် ပြာသာဒ်များဖြစ်သော ရန်နည်၊ စည်ရှည်၊ စည်သာ၊ လေးသိန်း၊ မန်းဦး၊ လွန်ကဲ၊ ဦးထိပ်၊ သောင်းညွတ် ပြာသာဒ်များနှင့် ပြကလေး ပြာသာဒ် (၅)ဆောင် တည်ဆောက်ခဲ့ပါသည်။ ထောင့်ပြာသာဒ်(၄)ဆောင် နှင့်ပြကလေး ပြာသာဒ် (၁၈)ဆောင် ပြန်လည်တည်ဆောက်ခြင်းအား ၁၉၉၀ ခုနှစ်မှ ၁၉၉၃ ခုနှစ်အတွင်း ယခင်မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(အရှေ့မြောက်မြို့နယ်)မှ ပြင်ပ မြန်မာမှုပညာရှင်များဖြင့် တာဝန်ယူ တည်ဆောက်ခဲ့ပါသည်။ ကျွန်းလုံးယူ၊ ကြေးမုံ၊ ထင်ရှား ယွန်းဆောင်ပါဘုံ(၅)ဆင့် ပြာသာဒ်ဆောင်(၃) ဆောင်တို့မှာ မူလအတိုင်းကျန်ရှိနေသော ပြာသာဒ်များ ဖြစ်ပါသည်။

   သဘာဝဘေးဒဏ်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်တို့ကြောင့် အုတ်မြို့ရိုး ၏ ပျက်စီးယိုယွင်းမှုများ ကိုလည်း မူလပုံစံမပျက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ နှစ်ကာလကြာမြင့်မှုကြောင့် အောက်ခြေအုတ်သား များဆွေးခြင်း၊ အုတ်အသစ်နှင့် အုတ်အဟောင်းဆက်သည့်နေရာများတွင် အက်ကွဲမှု ဖြစ်ပေါ်လာခြင်း၊ ငလျင်ဒဏ်ကြောင့် အုတ်မြို့ရိုး မျက်နှာပြင်ကျွံထွက်လာခြင်း၊ အုတ်ဆက်ကြောင်း များကွာဟလာခြင်းတို့ ဖြစ်ပေါ်လာပါသဖြင့်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အနေဖြင့် နှစ်စဉ်ရန်ပုံငွေလျာထား၍ နိုင်ငံတော်ကချထားပေးသော ပြည်ထောင်စု ရန်ပုံငွေဖြင့်  ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်း များကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနီးကပ် ကြီးကြပ်မှုဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.