သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံ ရန်ကုန် ဩဂုတ် ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်တွင် အမျိုးသားပြတိုက် (ရန်ကုန်)သို့ရောက်ရှိပြီး ဘက်စုံခန်းမ၌ အမျိုးသားပြတိုက် (ရန်ကုန်)မှ ဝန်ထမ်းများအား တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြတိုက်၏လုပ်ငန်း အဆင့်မြှင့်တင်ရန်နှင့် ပြတိုက်တွင် တာဝန် ထမ်းဆောင်နေသော ပြတိုက်ဝန်ထမ်းများအား လူ့စွမ်းအားမြှင့်တင်ပေးရန် အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ခေတ်မီ ခင်းကျင်းပြသရေးအတွက် နည်းပညာအထောက်အကူ လိုအပ်ပါကြောင်း၊ အချို့ပြကွက်များကို ပြည်တွင်းပညာရှင်များ၏ တီထွင်ဆန်းသစ်မှုဖြင့် ပြသထားသည်ကို တွေ့ရကြောင်း၊ လူ့စွမ်းအားမြှင့်တင်ရေးနှင့်ပတ်သက်၍ အမျိုးသားပြတိုက် (ရန်ကုန်) တွင် ဒီပလိုမာသင်တန်း (၁၈)ကြိမ်ဖွင့်ခဲ့ရာ စစ်ဘက်နယ်ဘက်သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း၊ ဒီပလိုမာရပြီးသူ (၃၀၀)ကျော်ရှိကြောင်း၊ ၎င်းတို့မဟာသင်တန်း ဆက်လက် တက်ရောက်ရေးအတွက် မြန်မာနိုင်ငံတွင် ပြတိုက်ပညာသင်ပေးသော တက္ကသိုလ်မရှိသဖြင့် လမ်းပိတ်နေကြောင်း၊ တစ်ချိန်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ပြတိုက်ပညာ ဌာနဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းခဲ့ဘူးသည်ဟုသိရှိရကြောင်း၊ ဤကိစ္စကို ပြန်လည် ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားရာ အမျိုးသားပြတိုက် (ရန်ကုန်) ညွှန်ကြားရေးမှူးက ယခင်ဆောင်ရွက်ခဲ့ပုံများ၊ အခက်အခဲများကို တင်ပြခဲ့ပါသည်။ ပြည်‌ထောင်စုဝန်ကြီးက တင်ပြချက် များကို ပြန်လည်ဆွေးနွေး၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ညွှန်ကြားသွား ခဲ့ကြောင်း သတင်းရရှိပါသည်။

         

Be the first to comment

Leave a Reply

Your email address will not be published.