သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ မီးဘေးလုံခြုံရေးဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ယနေ့ (၁၃၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)မှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သူ (၅၀)ဦး ပါဝင်တက်ရောက်ကြပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အဖွင့် အမှာစကားပြောကြားရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သော မီးဘေး လုံခြုံရေးတာဝန်ခံသင်တန်းအမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂)သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန(ယဉ်ကျေးမှု)မှ အရာထမ်း(၂)ဦး တက်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါအရာထမ်းများ သင်တန်းတက်ရောက်ခဲ့မှုအပေါ် အခြေခံ၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)မှ ဝန်ထမ်းများအနေဖြင့် မီးလောင်မှုဖြစ်ပွားစေသည့် အခြေခံသဘောတရားများ၊ မီးငြိမ်းသတ်ခြင်း နည်းပညာများနှင့် မီးဘေးလုံခြုံရေးစနစ်များကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး ယခု မီးဘေး လုံခြုံရေးဆင့်ပွားသင်တန်းကို ဝန်ကြီးဌာနအစီစဉ်ဖြင့် ၂၉-၈-၂၀၂၂ ရက်နေ့မှ ၂-၉-၂၀၂၂ ရက်နေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊
ဝန်ထမ်းများအနေဖြင့် မိမိဌာနတွင် ရင်ဆိုင်ကြုံတွေ့နိုင်သည့် မီးဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်တားဆီးနိုင်ခြင်းဖြင့် မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေး ကြိုတင် ပြင်ဆင်လေ့ကျင့်ပြီး တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့ရပါက စနစ်တကျ ဖြေရှင်းဆောင်ရွက်တတ်ကြစေရန်၊ မီးဘေးအန္တရာယ် လျော့နည်းစေရေး၊ ကြိုတင်သတိပြုနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးအသိပညာများအား ဝန်ထမ်းများ သိရှိနိုင်စေရန် အရေးပေါ်အခြေအနေများတွင် လူပုဂ္ဂိုလ်များ၊ အရေးကြီးစာရွက် စာတမ်း၊ မှတ်တမ်း မှတ်ရာများကို စနစ်တကျ အလျင်မြန်ဆုံး ကယ်ဆယ်ရွှေ့ထုတ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချစေခြင်းဖြစ်ပါကြောင်း၊
မီးလောင်မှုဖြစ်ပွားလာပါက တည်ဆောက်ထားသောအရာအားလုံး အချိန်တိုအတွင်း ပျက်စီးဆုံးရှုံးသွားနိုင်၍ ဘေးအန္တရာယ် လုံခြုံမှုရရှိစေရန် ထွက်ပေါက်လမ်းညွှန်များ၊ အချက်ပေး စနစ်များ ထားရှိပြီး လိုက်နာဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိဖို့ လိုအပ်ပါ ကြောင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့သော် အချိန်တိုအတွင်း စနစ်တကျတုံ့ပြန်ဖြေရှင်းနိုင်ရန် လူအင်အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အထောက်အကူပြုပစ္စည်းများ၊ လုံခြုံမှုဆိုင်ရာပစ္စည်းများ ဖြည့်တင်းခြင်းတို့ကိုလည်း စီမံဆောင်ရွက်ထားကြရမှာဖြစ်ပါ၍ မိမိတို့၏ ရုံးပတ်လည်တွင် မီးတားလမ်းများ ဆောင်ရွက်ထားရှိရန်နှင့် မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ ဖြစ်သည့် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သံပုံးများ၊ မီးသတ်ဆေးဗူးများ ကြိုတင်စီစဉ်ထားရှိရမည့်အပြင် မီးသတ်ဆေးဘူးများ ကိုင်တွယ်အသုံးပြုနည်းများ၊ Fire Hose Reel အသုံးပြုနည်းများကိုလည်း သိရှိ နားလည်ပြီး ကိုင်တွယ်အသုံးပြုတတ်ရန် လိုအပ်ပါကြောင်း သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သင်တန်းနည်းပြများ၏ ပို့ချမှုများကို လုံ့လစိုက်ထုတ်၍ လေ့လာသင်ယူ မှတ်သားကြရန်နှင့် မိမိတို့ဌာနအတွက် အမှန်တကယ် အကျိုးရှိစွာ လိုအပ်လာပါက အသုံးချဆောင်ရွက်နိုင်ရေး ကြိုးစားအားထုတ်ကြရန် မှာကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။